မိုင်းလား၊ နမ့်ပန်းနှင့်ဆီလူးဒေသသုံးခုကို စုစည်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တရားဝင်သတ်မှတ်နိုင်ရေး ကြိုးပမ်းရန် ခြောက်ရက်ကြာ ကျင်းပသည့် မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA) ၏ ၂၀၁၈ လုပ်ငန်းနှစ်ချုပ်အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားလက်နက် ကိုင်အဖွဲ့၏ လုပ်ငန်းနှစ်ချုပ် အ စည်းအဝေးကို ဇန်န၀ါရီ ၂၀ ရက်မှ ၂၅ ရက်ထိ ကျင်းပခဲ့ကြောင်း မိုင်းလားသတင်းဌာနက ဇန်န၀ါရီ ၂၇ ရက်တွင် သတင်းဖော်ပြ သည်။
NDAA ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးထိန်လင်းက ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်ကို တစိုက်မတ်မတ် လျှောက်လှမ်းမည်ဖြစ်ကြောင်း၊ ဒေသသုံးခု တစုတစည်းတည်းထားရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရရှိရေး ကြိုးစားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်ဟုလည်း မိုင်းလားသတင်းဌာနက ဖော်ပြသည်။
ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီက ချမှတ်ထား သည့် မူအတိုင်း နိုင်ငံတော်မှ မခွဲထွက်ရေး၊ နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ပြီး မိမိတို့ဒေသနှင့် မြန်မာ- တရုတ်နယ်စပ်ဒေသ တစ်ကြော တည်ငြိမ်အေးချမ်းရေး စသည်တို့ကို အစဉ်ထိန်းသိမ်းကာကွယ်မည်ဆိုသည့် လမ်းစဉ်ပေါ်လစီကို တစ်သဝေမတိမ်းလိုက်နာ ဆောင်ရွက်မည်ဖြစ် ကြောင်း ဦးထိန်လင်းက ပြောသည်။
မိုင်းလား လက်နက်ကိုင်အ ဖွဲ့သည် ၁၉၈၉ တွင် ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်ပြီး အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေး ကာ အပစ်အခတ်ရပ်စဲပြီးက တည်းက လက်ရှိ မိုင်းလားဒေသ ကို အထူးဒေသ (၄)အဖြစ် သတ် မှတ်ပေးခဲ့ကြောင်း၊ ထိုစဉ်က တည်းက မိုင်းလားလက်နက်ကိုင် အဖွဲ့အနေဖြင့် ၎င်းတို့ဒေသကို ၎င်းတို့ကိုယ်တိုင် အုပ်ချုပ်ခဲ့ ကြောင်း တိုင်းရင်းသားအရေး လေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။
‘‘တစ်ဖက်ကကြည့်ရင် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ဘောင်မ၀င်ဘူးလို့ ပြောလို့ရ တယ်။ ဒါပေမဲ့ ၈၉ ကနေ ၂၀၀၈ အထိ ဗမာပြည်မှာ ဖွဲ့စည်းအုပ် ချုပ်ပုံအခြေခံဥပဒေ ရှိတာမဟုတ် ဘူးလေ။ ဒီနေ့ကာလမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ထွက် လာတယ် ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေ ပေါ်လာတဲ့အချိန်မှာ ဥပဒေ အရ တရားဝင်အောင် ကြိုးပမ်း သွားမယ်ဆိုတဲ့ သဘောကို ပြတာ လို့ပဲ ပြောရပါမယ်’’ဟု ဦးမောင် မောင်စိုးက ပြောသည်။
မိုင်းလားဒေသအနေဖြင့် ဖွဲ့ စည်းပုံအခြေခံဥပဒေထဲတွင် မိုင်း လားမြို့နယ်အဖြစ် ဖွဲ့စည်းထား သော်လည်း နမ့်ပန်းဒေသသည် မိုင်းယောင်းမြို့နယ် မိုင်းယုမြို့ နယ်ခွဲထဲတွင် ပါဝင်ကြောင်း၊ အ လားတူ ဆီလူးဒေသသည်လည်း မိုင်းယန်းမြို့နယ်အတွင်း ပါဝင် ကြောင်း၊ ယင်းဒေသများသည် လက်ရှိတွင်လည်း မိုင်းလားလက် နက်ကိုင်အဖွဲ့ (NDAA) ၏ ထိန်းချုပ်နယ်မြေထဲတွင် ပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။
မိုင်းလားလက်နက်ကိုင်အ ဖွဲ့အနေဖြင့် ၎င်းတို့ဒေသနှင့် ထိ စပ်နေသည့် ဒေသများနှင့် ဆက် ဆံရေးကောင်းမွန်စေရန် ဖော် ဆောင်မည်ဟုလည်း ဆုံးဖြတ်ခဲ့ သည်။
ဒေသတွင်း စည်းလုံးညီ ညွတ်ရေးကို ထိခိုက်သည့် အပြောအဆိုနှင့် လုပ်ရပ်မျိုး ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း ဦးထိန် လင်းက ပြောကြားသည်။
မူးယစ်ဆေးဝါး တိုက်ဖျက် ရေးနှင့် ပတ်သက်ပြီးလည်း မစိုက်ပျိုးရ၊ မထုတ်လုပ်ရ၊ မရောင်းဝယ်ရ၊ မသယ်ဆောင်ရ၊ မသုံးစွဲ ရဟူသည့် မူးယစ်ဆေးဝါးတိုက် ဖျက်ရေး မူငါးရပ်ကို တစ်သဝေ မတိမ်း လိုက်နာဆောင်ရွက်ရန် ၎င်းက ပြောကြားသည်။
မိုင်းလားလက်နက်ကိုင်အ ဖွဲ့ (NDAA) သည် ဦးသိန်းစိန် အစိုးရလက်ထက်တွင် အစိုးရနှင့် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့်၊ သဘောတူစာချုပ်များ ချုပ်ဆိုခဲ့သော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) တွင် မပါဝင်ခဲ့ ပေ။
NDAA သည် ၎င်းနှင့် နယ် မြေချင်းထိစပ်နေသည့် ‘၀’ လက် နက်ကိုင်အဖွဲ့ (UWSA) အပါအ ၀င် မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့နှင့် စုဖွဲ့ထားသည့် ပြည် ထောင်စု နိုင်ငံရေးဆွေးနွေးညှိ နှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် အဖွဲ့အစည်းလည်းဖြစ် သည်။
7Day

No comments:
Post a Comment