ရတနာပုံတက္ကသိုလ် ကျောင်းတွင်းလုံခြုံရေးနဲ့ သန့်ရှင်းရေးဝန်းထမ်း တိုးမြှင့်ချထားပေးရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ပတ်သက်လို့ အတတ်နိုင်ဆုံးဖြေလျော့ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မန္တလေးတိုင်း ၀န်ကြီးချုပ်က ကတိပေးခဲ့တယ်လို့ သိရပါတယ်။
ကျောင်းသား ၇ ဦးကို မနေ့က ဒုတိယအကြိမ် တရားရုံးထုတ်အပြီးမှာ ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ တွေ့ဆုံခွင့်ရဖို့ မန္တလေးတိုင်းအစိုးရရုံးရှေ့မှာ ကျောင်းသားတွေ လာရောက်တောင်းဆိုခဲ့ကြပြီး ဒီနေ့ တွေ့ဆုံခွင့်ရခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဆွေးနွေးတဲ့အတိုင်း ဖြစ်မဖြစ်ဆိုတာ စောင့်ကြည့်သွားမယ်လို့ ဒီနေ့ တွေ့ဆုံပွဲမှာ ပါဝင်ခဲ့တဲ့ မိတ္ထီလာ တက္ကသိုလ် ကျောင်းသား ကိုမင်းထက်မြတ်က ပြောပါတယ်။
တဆက်တည်းမှာပဲ ၀န်ကြီးချုပ်က ရတနာပုံတက္ကသိုလ် ကျောင်းသားတစ်ဦး အသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်လို့ တရားခံကို မိဖို့ကြိုးစားနေကြောင်း၊ သူရဲ့လုပ်ပိုင်ခွင့်ရှိသလောက် အဖမ်းခံရတဲ့ ကျောင်းသားတွေကိစ္စ ပြေလျော့အောင် ကြိုးစားပေးမှာဖြစ်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မန္တလေးတိုင်းအစိုးရရုံးမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ မန္တလေးတိုင်း ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေ၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်၊ တရားလွှတ်တော် ရှေ့နေချုပ်နဲ့ ကိုယ်စားပြုကျောင်းသား သုံးဦးတို့ ပါဝင်တယ်လို့ ကိုမင်းထက်မြတ်က ပြောပါတယ်။
ကျောင်းသား ၇ ဦးဟာ မီးရှို့မှု၊ အားပေးအားမြှောက်မှုနဲ့ အကြည်ညိုပျက်စေမှု၊ ငြိမ်းစုစီဥပဒေ ပုဒ်မတွေနဲ့ မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးခံထားရတာ အချိန် တစ်လခန့် ကြာမြင့်ပြီဖြစ်ပြီး အမရပူရတရားရုံးမှာ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။
တရားစွဲဆိုခံထားရတဲ့ ကျောင်းသားတွေကို တရားရုံးထုတ်ချိန်တွေမှာ ဆန္ဒပြတာတွေ မပြုလုပ်ဖို့လည်း တိုင်းအစိုးရအဖွဲ့က တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
RFA







0 comments:
Post a Comment