Sunday, January 27, 2019

အင်းဝတံတား(စစ်ကိုင်း)ပေါ်မှ ခုန်ချသည့် သားအဖနှစ်ဦး ရှာဖွေမတွေ့သေး


မန္တလေးမြို့ နှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်ထားသည့် အင်းဝတံတား(စစ်ကိုင်း)ပေါ်မှ ခုန်ချခဲ့သည့် သားအဖနှစ်ဦးကို လူမှုကူညီရေးအသင်းအဖွဲ့များ ၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေလျှက်ရှိရာ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရသည် ။ 
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကန်ပတ်လမ်း ဝါဆိုကျောင်းတိုက်အနီးနေထိုင်သော ဦးစိုးမင်းသိန်း အသက်(၄၀)နှစ်သည် သမီးဖြစ်သူ မဖြူစင်သွယ် အသက် (၄)နှစ်အား ကျောပိုး၍ ဇန်နဝါရီလ နံနက် ၇ နာရီအချိန်ခန့် က အင်းဝတံတား (စစ်ကိုင်း) တံတားကုန်း လေးကုန်းမြောက်နေရာမှ ဧရာဝတီမြစ်အတွင်းခုန်ချခဲ့ခြင်းဖြစ်သည် ။ 

"အဖေဖြစ်သူက သူ့ကလေးကို ကျောပိုးပြီး စစ်ကိုင်းတံတားပေါ်ကနေ မြစ်ထဲခုန်ချခဲ့တာ။ ကလေးက မျက်လုံးကင်ဆာဝေဒနာရှင်လို့ သိရတယ် ။ မနက်ဖြန် ခွဲရမယ်လို့သိရတယ်။ခုန်ချတာကို တံ တား ဂိတ်ကလူတွေမြင်ပါတယ်။"ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း) မှ ကိုစိုးမင်းဦး က ပြောသည် ။ 

ထိုသို့ ခုန်ချသည့်အတွက် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက ဇန်နဝါရီလ ၂၇ ရက်နေ့ တစ်နေကုန် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုပ်ခဲ့ပြီး မတွေ့သည့်အတွက် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည် ။

The Fifth Wave News 

No comments:

Post a Comment