Sunday, January 27, 2019

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျိုင်းတုံသို့ လာရောက်မည်


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံရန်အတွက် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ လာရောက်မည်ဖြစ်ကြောင်း ကျိုင်းတုံမြို့ဒေသခံများထံမှ သိရသည်။ 
“အတိုင်ပင်ခံပုဂ္ဂိုလ်လားဆိုတာတော့ ထိပ်တန်းလျှို့ဝှက်မို့ ပြောလို့မရပါဘူး။ VIP ခရီးစဉ်အနေနဲ့သာ သိထားပါတယ်”ဟု ကျိုင်းတုံမြို့ဒေသခံ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောဆိုသည်။ 

တောင်ကြီးမြို့တွင်ကျင်းပသော ရှမ်းပြည်နယ်နေ့ အခမ်းအနား တက်ရောက်မည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၅ ရက် (သို့) ၆ ရက်တွင် ကျိုင်းတုံမြို့သို့ လာရောက်မည်ဖြစ်ပြီး မြို့တော်ခန်းမတွင် ဒေသခံများနှင့်တွေ့ဆုံမည်ဖြစ်ကာ ကျိုင်းတုံဟိုတယ်သစ်ကြီးတွင် ရှမ်းပြည်နယ်နေ့အကြိုအဖြစ် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်များနှင့် နေ့လယ်စာ စုပေါင်းစားသုံးမည်ဖြစ်ကြောင်း ယင်းမြို့ဒေသခံမြို့မိမြို့ဖများက ပြောကြားသည်။ 

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီက ကျိုင်းတုံမြို့အပါအဝင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် မိုင်းဖြတ်မြို့များသို့ စည်းရုံးရေးခရီးစဉ်လာရောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း လက်ရှိလာရောက်မည့်ခရီးစဉ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ 

The Voice


No comments:

Post a Comment