တုတ်/ဓါး လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါးရောင်းချနေမှုတွေကြောင့် နာမည်ကြီးနေတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့က မြို့မသုဿန်ကို ယမန်နေ့မနက်ပိုင်းမှာ သက်ဆိုင်ရာက ရှောင်တခင်ဝင်ရောက်ရှာဖွေဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပေမယ့် စိတ်ကြွဆေးပြား ၁၆ ပြားနဲ့ ဘိန်းဖြူ ၂ ဂရမ် လောက်ကိုပဲဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်၊ ထွေအုပ်၊ မီးသတ် စတဲ့ အင်အားစုတွေပေါင်းစုလို့ မြို့မသုဿန်ကို ၄ ဖွဲ့ခွဲ ပိတ်ဆို့ တစ်ပြိုင်နက်ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။
သုဿန်ထဲမှာ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်ဖွယ်ရှိတယ်လို့ သံသယဖြစ်ဖွယ်ရှိသူတွေတွေ့ရှိခဲ့ပေမယ့် ၎င်းတို့ထံကနေ မူးယစ်ဆေးဖမ်းဆီးရမိတာမျိုးမရှိခဲ့ဘဲ တုတ်/ဓါး လက်နက်တွေကိုတော့ သိမ်းဆည်းနိုင်ခဲ့တယ်လို့ တာချီိလိတ်ရဲတပ်ဖွဲ့ထံကနေသိရပါတယ်။
၎င်းတို့အထဲကနေ စည်သူစိုး၊ အိုက်လုံ စတဲ့ လူ ၂ဦးထံကနေ စိတ်ကြွဆေးပြား ၁၄ ပြားနဲ့ ဘိန်းဖြူ ၂ ဂရမ်လောက်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး သုဿန်ရဲ့ အနီးနားမှာ လမ်းလျှောက်လာတဲ့ အောင်ကျော်စိုး ဆိုသူကို ရှာဖွေစစ်ဆေးရာမှာ စိတ်ကြွဆေးပြား ၂ပြား ဖမ်းဆီး၇မိခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် လက်ရှိမှာ မူးယစ်ဆေးနဲ့ အတူဖမ်းဆီးရမိတဲ့ လူ ၃ ဦးကို ရဲစခန်းမှာ မူးစိတ်ပုဒ်မတွေနဲ့အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
တာချီလိတ်မြို့က မြို့မသုဿန်အတွင်းမှာ တုတ်/ဓါး လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးရောင်းဝယ်တာတွေပြုလုပ်နေကြောင်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း ပေါ်ပြူလာနယူးစ်ကနေ ဓာတ်ပုံတွေနဲ့တကွဖော်ထုတ်ရေးသားခဲ့ပြီးဖြစ်ပါတယ်။
ယင်းသို့ ဖော်ထုတ်ရေးသားပြီးနောက်တစ်နေ့မှာတော့ တာချီလိတ်ကတာဝန်ရှိသူတွေဟာ အဆိုပါမြို့မသုဿန်အတွင်း သွားရောက်ခဲ့ပြီး သုဿန်တွင်းနေထိုင်သူတွေကို နေရပ်ပြန်လိုသူတွေပြန်နိုင်ဖို့ စာရင်းကောက်ယူခဲ့တယ်လို့ သိရပါတယ်။
Photo - တာချီိလိတ်ရဲတပ်ဖွဲ့
Popular News Journal











0 comments:
Post a Comment