လှိုင်သာယာမြို့နယ်တွင် သုံးနှစ်အရွယ် ကလေးငယ်ကို ခိုးယူသွားသည့် အိမ်အကူ အမျိုးသမီးအားဖမ်းဆီး၍ အမှုဖွင့်ထားပြီ ဖြစ်ကြောင်း ဇန်နဝါရီ ၂ရရက်တွင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၅ ရက် နံနက် ၆ နာရီခွဲခန့်တွင် လှိုင်သာယာမြို့နယ် (၂) ရပ် ကွက်နေ ဒေါ်......(၃၁) နှစ် သည်နေအိမ်တွင်ရှိနေစဉ် အိမ်အကူဖြစ်သည့် ဒေါ်ရီရီ နွဲ့ (၄၁) နှစ်မှာ ဒေါ်......၏ သားဖြစ်သူ မောင်........(၃) နှစ် အား ခေါ်ဆောင်၍ အသုပ်သွားဝယ်မည်ဟုပြောဆိုကာ ထွက်သွားခဲ့ပြီး ပြန်လည်ရောက်ရှိလာခြင်း မရှိသဖြင့် သက်ဆိုင်ရာ လှိုင်သာယာမြို့မရဲစခန်းတွင် လူပျောက်တိုင်တန်းခဲ့ကြောင်း သိရသည်။
ယင်းသို့လူပျောက်တိုင်တန်းပြီး လိုက်လံစုံစမ်းရှာဖွေရာ ဒေါ်ရီရီနွဲ့မှာ မောင်........အားခေါ်ဆောင်၍ ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ် အုတ်ဖို (၂) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်သို့ ရောက်ရှိနေကြောင်း သိရသဖြင့် စုံစမ်းရာ အဆိုပါနေအိမ်မှာ ဒေါ်ရီရီနွဲ့တို့လင်မယား နေထိုင်နိုင်ရန် ကြိုတင်ငှားရမ်းထားသော အိမ်ဖြစ်ကြောင်း သိရသည်။
“ကျူးလွန်တဲ့ ဒေါ်ရီရီနွဲ့ဟာ ကလေးကို ခေါ်ပြီး ပေါင်းတည်မြို့မှာရှိတဲ့ ကားဂိတ်ကို ရောက်နေတဲ့အချိန်မှာ သူတို့ကို မြင်တဲ့ လင်မယားနှစ်ယောက်က မသင်္ကာဘူး။ မသင်္ကာတဲ့အတွက် အုပ်ချုပ်ရေးမှူး အဖွဲ့ဆီအကြောင်း ကြားပြီး ဝိုင်းဖမ်းတယ်။ ဖမ်းပြီးတော့ ပေါင်းတည်စခန်းကို ပို့လိုက်တယ်လို့သိရတယ်” ဟု ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ထိုသို့ ပေါင်းတည်ရဲစခန်းတွင် ဒေါ်ရီရီနွဲ့တို့ လင်မယားနှင့်အတူ ကလေးငယ်ရောက်ရှိနေကြောင်းသိရသဖြင့် ဒေါ်.....မှ လိုက်သွားခဲ့ပြီး ၎င်း၏သားငယ်အား ခေါ်ဆောင်လာကာ သက်ဆိုင်ရာ လှိုင်သာယာမြို့မရဲစခန်းတွင် အဆိုပါလင်မယားအား အရေးယူပေးရန် တိုင်တန်းခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ကလေးငယ်အား ခိုးယူသွားသည့် အိမ်အကူနှင့် ပူးပေါင်းကြံစည်သူ ၎င်း၏ခင်ပွန်း ပေါင်းတည်မြို့နယ်နေ သန်းစိုးဆိုသူတို့အား လှိုင်သာယာမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၆၈/၁၁၄ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment