Sunday, January 27, 2019

မသန်စွမ်းသူများ စီးနင်းနိုင်မည့် YBS ယာဉ်လိုင်းများ ပြေးဆွဲနိုင်ရန် Power Eleven ကုမ္ပဏီ ပြင်ဆင်နေ


သက်ကြီးရွယ်အို ကျန်းမာရေးမကောင်းသူ၊ ကိုယ်ဝန်ဆောင်မိခင်များ သက်တောင့်သက်သာ စီးနင်းနိုင်ရန်နှင့် မသန်းစွမ်းသူများပါ စီးနင်းနိုင်ရန် YBS ယာဉ်များ စီစဉ်ထားပြီး အာဏာပိုင်အဖွဲ့ထံတင်ပြထားကြောင်း Power Eleven ကုမ္ပဏီလီမိတက်မှ သိရသည်။ 

ဝန်ဆောင်မှုအပိုင်းကို တိုးမြှင့်သည့်အနေဖြင့် YBS ၂၁ ယာဉ်လိုင်းတွင် ဦးစားပေးထိုင်ခုံများပါရှိသည့် မသန်စွမ်းဘတ်စ်ကား ပြေးဆွဲရန် စီစဉ်နေပြီး ကနဦးအစတွင် ယာဉ်အစီးရေ ၁၀ စီးဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ယာဉ်စီးခနှုန်းထားကိုလည်း အာဏာပိုင်အဖွဲ့မှ သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ကောက်ခံသွားမည်ဖြစ်ပြီး ယာဉ်လိုင်း ပြေးဆွဲရန်အတွက် ဇန်န၀ါရီလ ၂၄ ရက်က YRTA အဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။ 

“သာမန်ခရီးသွား ပြည်သူတွေကတော့ YBS စီးတဲ့အခါ အဆင်ပြေတဲ့သူရှိသလို၊ တချို့ခရီးသည်တွေအတွက်ကတော့ အဆင်မ ပြေကြဘူး။ ဘယ်လိုခရီးသည်မျိုးကို ဆိုလိုတာလဲဆိုရင် သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်သည်မိခင်တွေ၊ ဝှီးချဲနဲ့ သွားလာတဲ့ သူ တွေ အဲလိုခရီးသည်တွေအတွက်ကတော့ ဒီလိုဘတ်စ်ကားမျိုးနဲ့ မရဘူး။ ဒါကြောင့် ခရီးသည်တွေအားလုံးအဆင်ပြေအောင် ဒီယာဉ်လိုင်းကို ပြေးဆွဲပေးခြင်းဖြစ်ပါတယ်။ လောလောဆယ်တော့ အာဏာပိုင်အဖွဲ့ထံ တင်ပြထားတုန်းပဲ။ ဘာမှတော့ မထူး သေးဘူး”ဟု Power Eleven ကုမ္ပဏီလီမိတက်မှ မန်းနေးဂျင်းဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။ 

အသစ်တိုးချဲ့ပြေးဆွဲမည့် မသန်စွမ်းဘတ်စ်ကား YBS ၂၁ ယာဉ်လိုင်းတွင် ခန့်အပ်ထားမည့် ယာဉ်မောင်းကိုလည်း သေချာလေ့ ကျင့်ထားသည့် သူမျိုးကိုသာ ခန့်အပ်တာဝန်ပေးသွားမည့်အပြင် ပြေးဆွဲမည့် ခရီးစဉ်လမ်းကြောင်းကိုလည်း ကျန်းမာရေးချို့တဲ့ သူများ အဆင်ပြေစေရန်အတွက် ဆေးရုံများနှင့် ချိတ်ဆက်ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။ 

ထို့အပြင် ခရီးသည်များလုံခြုံရေးအတွက် CCTV ကင်မရာများ၊ GPS စနစ် အစရှိသည့် နည်းပညာမျိုးစုံကို အသုံးပြုထားကြောင်း သိရသည်။ 

လက်ရှိတွင် YBS ၂၁ Air-con Bus အစီးရေ ၆၀ ကျော်နှင့် အထူးသီးသန့်ကား အစီးရေ ၃၅ စီး စုစုပေါင်း အစီးရေ ၉၅ စီးဖြင့် နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေကြောင်း သိရသည်။ 

စုသက်နှင်း (အကုန်သိသတင်းဌာန)               

No comments:

Post a Comment