ကျား၊ မ သီးသန့်ကျောင်းများကို ပေါင်းစည်းကျောင်းများအဖြစ် ပြောင်းလဲဖွင့်လှစ်ရေးအတွက် ပညာရေးဝန်ကြီးဌာနသို့ အကြံပြုထားကြောင်း အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်က လွှတ်တော်သို့ တင်ပြပြောကြားသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ၆ လတာကာလ (၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်နေ့အထိ) အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာကို တင်ပြရာတွင် ၎င်းက ထည့်သွင်းတင်ပြခဲ့ခြင်းဖြစ်သည်။
အမျိုးသားပညာရေးမူဝါဒကော်မရှင်အနေနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းသားဦးရေနှင့် စာသင်ခန်းအရေအတွက်တို့ကို လေ့လာဆန်းစစ်ခဲ့ရာ အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် ကျောင်းသား အနည်းအများ ကွာဟမှု ကြီးမာနေကြောင်း ၎င်းက ပြောကြားသည်။
“အခြေခံပညာကျောင်း ၅၀ ရာခိုင်နှုန်းလောက်ဟာ အထက်တန်းကျောင်းများတွင်သာ သင်ယူကြပြီး။ အလယ်တန်းနှင့် မူလတန်းကျောင်းများမှာ ကျောင်းသားအရေအတွက် ရှိသင့်သည်ထက်နည်း ပါးနေတာကို တွေ့ရပါတယ်”ဟု ၎င်းက ဆိုသည်။
ယင်းကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဖြစ်ပေါ်နေသည့် အခြေအနေနှင့် အဓိကအကြောင်းအရင်းများကို လေ့လာပြီး သင့်တင့်သော စာသင်ခန်းအရွယ်အစားနှင့် ကျောင်းဝင်ဆံ့အင်အားများကို သတ်မှတ်ဆောင်ရွက်ရေး၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများကို ချိတ်ဆက်သင်ကျောင်းများအဖြစ် သတ်မှတ်ဆောင်ရွက်ရေး၊ နှစ်သုတ်တက်ကျောင်းများကို တစ်သုတ်တက် ကျောင်းများအဖြစ် ပြောင်းလဲသတ်မှတ်ရေးနှင့် အထူးရွေး ချယ်သတ်မှတ်ထားသည့်ကျောင်းများ ထူထောင်ဖွင့်လှစ်ရေးတို့ စဉ်းစားသင့်ကြောင်း ကော်မရှင်က အကြံပြုတင်ပြလိုက်သည်။
အခြေခံပညာ ဆရာ၊ ဆရာမများ၏ ရာထူးအဆင့် သတ်မှတ်ချက်ဆိုင်ရာ မူလတန်းကျောင်းများတွင် လက်ရှိမူများကြောင့် ဆရာ မမြဲခြင်း၊ ဆရာမလုံလောက်ခြင်း၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုနည်းပါးသည့် ဆရာများသာ များနေခြင်းတို့ကို ကြုံတွေ့နေရကြောင်း ကော်မရှင်၏ တင်ပြချက်တွင် တွေ့ရှိရသည်။
ဆရာ၊ ဆရာမများကို ပညာရှင် အဆင့် (၁)၊ (၂)၊ (၃) အဖြစ် ရာထူးအဆင့် သတ်မှတ်ထားသည်ကို တွေ့ရှိရသောကြောင့် ယင်းကဲ့သို့ ရာထူးအဆင့်များခွဲခြား သတ်မှတ်ခြင်း မပြုသင့်ကြောင်း ကော်မရှင်၏ အကြံပြုချက်က ဆိုသည်။
ယင်းအစီရင်ခံစာကို ဆွေးနွေးလိုသည့်လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းပေးသွင်းရန် လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာခဲ့သည်။
The Voice






0 comments:
Post a Comment