မန္တလေးမြို့တွင် ကားချင်းဝင်တိုက်ပြီး ကားပေါ်ပါလာသူ ကလေးတစ်ဦးအပါအဝင် လေးဦးကို လူအယောက်နှစ်ဆယ်ခန့်က ဓား၊ တုတ်များဖြင့် ဝိုင်းခုတ်၊ ဝိုင်းရိုက်နှက်မှုမှ ကျူးလွန်ခဲ့သူများကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မဟာအောင်မြေ မြို့မရဲစခန်းထံမှ သိရသည်။
ဇန်နဝါရီလ ၁ ရက် ညဦးပိုင်းက အသက် ၉ နှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသမီးငယ်တစ်ဦးနှင့် အမျိုးသားလူငယ်နှစ်ဦးတို့သည် မဟာအောင်မြေ မြို့နယ် ၅၄ လမ်းအတိုင်း မော်တော်ယာဉ်ဖြင့် သွားနေစဉ် ၃၇ လမ်းနှင့် ၃၈ လမ်းတွင် Alphard ယာဉ်တစ်စီးက ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။
ယင်းသို့ယာဉ်တိုက်ပြီးနောက်တွင် Alphard ယာဉ်ပေါ်မှ အမျိုးသားများက ထွက်ပြေးသွားပြီး တစ်ဦးကို ဝိုင်းဝန်းဖမ်းချုပ်ထားစဉ် ထွက်ပြေးသွားသူများက မော်တော်ယာဉ်တစ်စီး၊ ဆိုင်ကယ်ငါးစီးခန့်ဖြင့် ပြန်လည်ရောက်ရှိလာကာ ပါလာသူ နှစ်ဆယ်ဦးခန့်က တုတ်၊ ဓားများဖြင့် ရိုက်နှက်ခုတ်ခဲ့ကြကြောင်း အဆိုပါမှတ်တမ်းအရ ဆက်လက် သိရသည်။
“စုံစမ်းစစ်ဆေးထားတာတွေအရကျူးလွန်သူတွေကို ဖော်ထုတ်ထားပါတယ်။ ကျူးလွန်သူငါးယောက်လောက်ကို ဖော်ထုတ်ထားသေးတယ်။ ဖမ်းမမိသေးဘူး။ ထွက်ပြေးနေကြတယ်”ဟု မဟာအောင်မြေ မြို့မရဲစခန်းမှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။
ကားဖြင့် တိုက်ပြီးနောက် ကျူးလွန်သူများမှာ ထွက်ပြေးခဲ့ကြောင်း၊ ကားပေါ်တွင် ကျန်နေခဲ့သည့်တစ်ယောက်အား မောင်ကောင်းမြတ်က ဘာကြောင့်တိုက်လဲဟုမေးခဲ့ကြောင်း၊ ဖခင်ဖြစ်သူထံ ဖုန်းဆက်စဉ် အခြားသူများကိုပါ ဝိုင်းဝန်းရိုက်နှက်ခြင်းခံခဲ့ရသည်ဟု ရိုက်နှက်ခံရသူတစ်ဦးဖြစ်သူ မောင်ကောင်းမြတ်၏ဖခင် ဦးသူရဌေးက ပြောကြားသည်။
“သူတို့ မောင်နှမလေးယောက်က မုန့်သွားစားတာပါ။ အဲ့ဒီမှာ ယာဉ်တိုက်တာပါ။ တိုက်မိတဲ့အရှိန်ကြောင့် သားငယ်လေးနဲ့ သမီးလေးက သတိမေ့သွားတယ်။ ကားပေါ်ကသူတွေက ဆင်းပြေးသွားကြတယ်။ တစ်ယောက်တော့ ကျန်ခဲ့တယ်။ ဒါနဲ့ ကျွန်တော်သားက ဆင်းပြီး ဘာလို့တိုက်တာလဲမေးပြီး ကျွန်တော့်ဆီ ဖုန်းဆက်တဲ့အချိန် ဖုန်းဆက်ရပါ့မလားဆိုပြီး သူ့နောက်ကသူတွေကို တရုတ်လိုအော်ပြောတယ်။ အဲဒီမှာ ဆိုင်ကယ်ငါးစီးရော၊ နောက်ထပ် ပါဂျဲရိုးကားတစ်စီးရော လူအယောက်နှစ်ဆယ်လောက် ရောက်လာပြီး ဝိုင်းပြီးရိုက်ကြ၊ ဓားနဲ့ခုတ်ကြတာပါ”ဟု ၎င်းက ဆိုသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဝိုင်းဝန်းရိုက်နှက်သူများကို အမှတ် ၉ ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၄၀/၃၂၆/ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
The Voice
လ
No comments:
Post a Comment