“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ၏ ငြိမ်းချမ်းရေး နှစ်သုံးဆယ်ပြည့် အခမ်းအနားကို UWSA ဌာနချုပ်ရှိရာ ပန်ဆမ်း၌ ဧပြီလအတွင်း ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး နိုင်ငံအကြီးအကဲခေါင်းဆောင်များကိုလည်း အခမ်းအနားကိုဖိတ်ကြားရန် စီစဉ်နေကြောင်း UWSA ထံမှ သိရသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အပါအဝင် နေပြည်တော်ရှိ အစိုးရထိပ်ပိုင်းခေါင်းဆောင်များကို အခမ်းအနားဖိတ်ကြားရန် စီစဉ်နေကြောင်း UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ပြောကြားသည်။
အကြီးအကဲများအနေနှင့် ဝဒေသသို့ လက်တွေ့ ကွင်းဆင်းကြည့်ရှုနိုင်စေရန်နှင့် ယုံကြည်မှု ပိုမိုတည်ဆောက်နိုင်စေရန် ဖိတ်ကြားရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
အဆိုပါ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနား ကြိုတင်ပြင်ဆင်မှု ရုပ်သံဖိုင်များကို UWSA က ထုတ်ပြန်ခဲ့ရာတွင် စစ်ရေးပြအခမ်းအနားများနှင့် စစ်လက်နက်ပစ္စည်းအချို့ကို ပါဝင်ခဲ့သည့်အတွက် စစ်ရေးလေ့လာသူများက ဝေဖန်မှုများရှိခဲ့သည်။
အဆိုပါ စစ်လက်နက်ပစ္စည်းများနှင့် စစ်ရေးလေ့ကျင့်မှုများ ထုတ်ပြန်ခဲ့ခြင်းသည် မည်သည့်အဖွဲ့အစည်းများကိုမှ ရန်စလိုခြင်း ရည်ရွယ်ချက် မရှိကြောင်းကိုလည်း ၎င်းက ပြောဆိုသည်။
“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)သည် အပစ်ရပ်စာချုပ် (NCA) ကို လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့်အဖွဲ့များတွင် အင်အား အကောင်းဆုံး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။
၎င်းသည် NCA ကို လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ ချုပ်ဆိုထားသည်။
The Voice
No comments:
Post a Comment