Wednesday, January 2, 2019

ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းဖြစ်သည်ကို မည်သူမှ မငြင်းနိုင်ကြောင်း ရှီကျင့်ဖျင်ပြောကြား


ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဆိုသော အချက်ကို မည်သူကမှ မပြောင်းလဲနိုင်ပါကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ပြောကြားခဲ့ကာ ထိုင်ဝမ်ရေလက်ကြား၏ နှစ်ဖက်လုံးရှိ ပြည်သူများက ပြန်လည်ပေါင်းစည်းရေးကို ဆောင်ရွက်သင့်ပါကြောင်း ပြောကြားခဲ့သည်ဟု အေဂျင်စီသတင်းများက ဖော်ပြထားသည်။ 
ပြန်လည်ပေါင်းစည်းရေးသည် ထိုင်ဝမ်ကို တရုတ်၏ အစိတ်အပိုင်းအဖြစ် လက်ခံပေးသော ထိုင်ဝမ်လွတ်လပ်ရေး လိုလားသူများကို မလိုလားသော တရုတ် တစ်ပြည်တည်းမူဝါဒအတိုင်း ဖြစ်စေသင့်သည်ဟု ရှီက ထိုင်ဝမ်မူဝါဒ နှစ်လေးဆယ်ပြည့်တွင် ပြည်သူ့ခန်းမဆောင် Great Hall of the People ၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

“ထိုင်ဝမ်လွတ်လပ်ရေးဟာ ထိုင်ဝမ်အတွက် နက်ရှိုင်းတဲ့ အဖြစ်အပျက်ဆိုးတွေကိုပဲ ယူဆောင်လာလိမ့်မယ် ဆိုတာကို ထိုင်ဝမ်ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိထားသင့်ပါတယ်”ဟု ရှီကျင့်ဖျင်က ပြောကြားသည်။ 

“ြ​ငိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးအတွက် ကျယ်ပြန့်တဲ့ အခင်းအကျင်း ဖန်တီးဖို့အတွက် ကျွန်တော်တို့ လိုလားပါတယ်။ ဒါပေမဲ့ ခွဲထွက်ရေးလှုပ်ရှားမှုများ အတွက်ကိုတော့ လုံးဝခွင့်ပြုမှာ မဟုတ်ပါဘူး”ဟု သမ္မတရှီက ဆက်လက်ပြောကြားသည်။ 

“စစ်အင်အားကို အသုံးမပြုဘူးလို့ ကျွန်တော်တို့ ကတိမပေးသလို လိုအပ်တဲ့ အရာမှန်သမျှ အကုန်လုံး ဆောင်ရွက်သွား မှာပါ”ဟုလည်း ပြောကြားခဲ့ပြီး ယင်းကိစ္စသည် တရုတ်ပြည်တွင်းရေးသာဖြစ်သည့်အတွက် ပြည်ပနိုင်ငံများမှ ဝင်ရောက် စွက်ဖက်ခွင့် မရှိဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။ 

တရုတ်ပြည်မကြီးက စီစဉ်သော တိုင်းပြည်တစ်ခု စနစ်နှစ်ခု အစီအစဉ်ကို ထိုင်ဝမ်ကျွန်းက လက်ခံမည် မဟုတ်ကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က ပြောကြားခဲ့သည်။ 

အစိုးရနှစ်ရပ် အနေအထားဖြင့် ရေလက်ကြားနှစ်ဖက်အတွက် အပြန်အလှန် ဆွေးနွေးမှုလိုအပ်ကြောင်း ၎င်းက ပြောကြားသွားခဲ့ပြီး ထိုင်ဝမ်ပြည်သူများ၏ တွေးခေါ်ပုံနှင့် လိုအပ်ချက်များကို တရုတ်ဘက်က နားလည်ပေးရန်လည်း တိုက်တွန်းခဲ့သည်။ 

၁၉၄၉ ခုနှစ်တွင် တရုတ်အမျိုးသားရေးတပ်များသည် ကွန်မြူနစ်များကို စစ်ရှုံးပြီး ထိုင်ဝမ်ကျွန်းသို့ ထွက်ပြေးသွားခဲ့ရသည်။ 

ဘက်နှစ်ဖက်စလုံးတွင် စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပုဂ္ဂိုလ်ရေး အချိတ်အဆက်များ ရှိသော်လည်း ဒီမိုကရက်တစ် ထိုင်ဝမ်က အာဏာရှင်စနစ်ဖြင့် ဘေဂျင်းက အုပ်ချုပ်မည်ကို စိတ်မဝင်စားကြပေ။ 

The Voice

No comments:

Post a Comment