ပြည်ထောင်စုဝန်ကြီးဌာန ၁၃ ခုမှာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit -CPU) တွေကို စတင်ဖွဲ့စည်းဆောင်ရွက်သွားကြဖို့ ရှိနေပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ ပူးပေါင်းပြီး ရှေ့ပြေးစီမံကိန်းအဖြစ် ဝန်ကြီးဌာန ၁၃ ခုမှာ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့တွေ ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲကနေ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲကနေ ပြည်ထောင်စုဝန်ကြီးဌာနတွေမှာ CPU ဖွဲ့စည်းမှုကို ပြည်ထောင်စု ဝန်ကြီးဌာနရဲ့ လိုအပ်ချက်နဲ့ အညီ ပြည်ထောင်စုဝန်ကြီးရဲ့ စီမံခန့်ခွဲမှုနဲ့ ဖွဲ့စည်းဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါ့အပြင် CPU ရဲ့ လုပ်ငန်းတာဝန် သုံးရပ်အဖြစ် အဂတိလိုက်စားမှု ပြဿနာတွေကို စိစစ် ဖော်ထုတ်ဖို့၊ အဂတိလိုက်စားမှု ပြဿနာတွေကို ဖြေရှင်းဖို့၊ နိုင်ငံ့ဝန်ထမ်းတွေ အဂတိလိုက်စားမှု ဆက်လက်မဖြစ်ပွားရေး တားဆီးကာကွယ်ဖို့လည်း ဆုံးဖြတ်ခဲ့ကြပါတယ်။
CPU မှာ တာဝန်ထမ်းဆောင်မယ့် ဌာနဆိုင်ရာ ပုဂ္ဂိုလ်တွေဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ ကျင့်ဝတ်တွေကို လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ CPU မှာ တာဝန်ထမ်းဆောင်ဖို့ ပြည်ထောင်စုဝန်ကြီးဌာန တခုကို ၀န်ထမ်း ၄ ဦးကနေ ၁၀ ဦးအထိ ဖေဖော်ဝါရီ ပထမပတ်မှာ ကော်မရှင်က သင်တန်းပေးသွားမှာ ဖြစ်ပါတယ်။
နေပြည်တော်မှာ ဇန်န၀ါရီ ၁၉ ရက်က ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်တွေ၊ ပြည်ထောင်စု ဝန်ကြီးဌာန ၁၃ခုက အမြဲတမ်းအတွင်းဝန်တွေ၊ ညွှန်ကြားရေးမှူးချုပ်တွေနဲ့ ကော်မရှင်ရုံး ဝန်ထမ်းတွေ တက်ရောက်ခဲ့ကြတယ်လို့ ကော်မရှင်သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ-ACCM
DVB

No comments:
Post a Comment