မြန်မာ့ရေပိုင်နက်အတွင်း ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စက်လှေသုံးစင်းနှင့် ဘင်္ဂါလီ ၁၂ ဦးအား ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘင်္ဂလားဒေ့ရှ်မှ စက်လှေသုံးစင်းနှင့် ဘင်္ဂါလီ ၁၂ ဦးအား ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ရေပိုင်နက်အတွင်း ဇန်နဝါရီ ၂၀ ရက်ညက တပ်မတော် ရေမှ ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ ၂၁ ရက်က အင်းဒင် နယ်ခြားစောင့်ရဲတပ်ဖွဲ့အား လွှဲ ပြောင်းခဲ့ခြင်းဖြစ်ကြောင်း အင်းဒင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးက ပြောကြားသည်။
“စက်လှေသုံးစင်းနဲ့ ဘင်္ဂါလီ ၁၂ ဦးကို ဇန်နဝါရီ ၂၁ ရက်က ရေတပ်က အင်းဒင်နယ် ခြားစောင့်ကို လွှဲပါတယ်။ အဲဒီစက်လှေတွေမှာ ဘင်္ဂလားဒေ့ရှ်အလံ လွှင့်ထားပါတယ်။နောက်စက်လှေမှာ ငါးဖမ်းပိုက်တွေ ပါတယ်။ ငါးဖမ်းပိုက်က နှစ်မျိုးပါတယ်။ ဆွဲပိုက်တစ်မျိုး၊ မျှားပိုက်တစ်မျိုးပါတယ်။ ရေခဲတွေပါတယ်။ ဒီဇယ်ဂါလန် ၅၀ လောက်ပါတယ်။ မြန်မာ့ရေပိုင်နက်ထဲကို ဝင်လာလို့ ကိုးတန်ကောက် ပင်လယ်ပြင်မှာရေတပ်က ဇန်နဝါရီ ၂၀ ရက်က ဖမ်းဆီးတာလို့ သိရပါတယ်။ အခုနယ်ခြားစောင့်ရဲက စစ်ဆေးနေတာဖြစ်ပါတယ်။ အရင်ကလည်း ပင်လယ်ကမ်းနားမှာလာပြီး ငါးဖမ်းတဲ့ ဘင်္ဂါလီစက်လှေတွေ ကို တွေ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်နိုင်ငံက စက်လှေလား။ စစ်တွေဘက်က လာဖမ်းတာ လားဆိုတာတော့ အတိအကျ ကျွန်တော်တို့ မသိဘူး ” ဟု အင်းဒင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိုးမိုးက ပြောကြားသည်။
ဖမ်းဆီးရမိသည့် ငါးဖမ်းစက်လှေ သုံးစင်းတွင် ဘင်္ဂလားဒေ့ရှ်အလံလွှင့်ထူထားပြီး ဆွဲကောင်ဟုခေါ်သည့် ကျားပိုက်များနှင့် ရေခဲများ ပါဝင်ကြောင်း သိရသည်။
မြန်မာရေပိုင်နက် ကမ်းခြေအနီးအထိ ဘင်္ဂလားဒေ့ရှ်မှ ငါးဖမ်းစက်လှေများ အုပ်စုလိုက် ဝင်ရောက်ငါးဖမ်းဆီးမှုများရှိနေသဖြင့် ဘင်္ဂါလီရန်ကို စိုးရိမ်ရသည့်အတွက် ငါးဖမ်း လှေမထွက်ရဲတော့ကြောင်း သင်္ဘောကွေ့ ကျေးရွာသား ဦးစိန်အောင်က ပြောကြားသည်။
Eleven Media Group







0 comments:
Post a Comment