Wednesday, January 2, 2019

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားတစ်ထောင်ဝန်းကျင်လျှော့ရက်ဖြင့် လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများ မပါဝင်


နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားတစ်ထောင်ဝန်းကျင်ကို ဇန်နဝါရီ ၂ ရက်တွင် လျှော့ရက်ဖြင့် လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသားများ မပါဝင်ကြောင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောကြားသည်။ 
“လွှတ်မယ်ဆိုတာ ဒီလိုပုံမှန်လျှော့ရက်ရပြီး လွှတ်တာ။ လွတ်လပ်ရေးအကြိုလည်း မဟုတ်ဘူး။ ၄၀၁ လည်း မဟုတ်ဘူး။ အကျဉ်းထောင် စည်းမျဉ်းအရ လွှတ်တာ။ ပုံမှန်လွှတ်တာပါ။ နိုင်ငံရေးအကျဉ်းသားတွေ မပါဘူး” ဟု အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောကြားသည်။ 

ထိုသို့ လျှော့ရက်ဖြင့် လွှတ်ပေးလိုက်သည့် အကျဉ်းသား တစ်ထောင်ဝန်းကျင်တွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်လာခြင်း မရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ရန်ကုန်ရုံးခွဲ တာဝန်ခံ ဦးအောင်မျိုးကျော်က ပြောကြားသည်။ 

“အခုလွှတ်တဲ့ ဟာကတော့ လျှော့ရက်နဲ့ လွှတ်တဲ့ အကျဉ်းသားတွေပါ။ နိုင်ငံရေး အကျဉ်းသားတွေ မပါပါဘူး။ ဒါကတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ မဟုတ်တဲ့အတွက် ဘာမှ ပြောစရာမရှိဘူး” ဟု ၎င်းက ဆိုသည်။ 

ထို့ပြင် နိုင်ငံရေးအကျဉ်းသားများနှင့် အတူ ဒုရဲမှူး (ဟောင်း) မိုးရန်နိုင်သည် ဇန်နဝါရီ ၂ ရက်တွင် အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လွတ်မြောက်လာသည့်အကျဉ်း သားများထဲတွင် ပါရှိလာခြင်း မရှိပေ။ 

“ဒုရဲမှူးမိုးရန်နိုင်ကတော့ သူတို့ဘာသာ တွက်ချက်ပြီးတော့ နှစ်ရက်နေ့ လွတ်မယ်လို့ ပြောနေကြတာ။ တကယ့်တကယ်ကျတော့ နှစ်လပိုင်းထဲကျမှ လွတ်မှာ။ တစ်နှစ်ကျရင် သုံးပုံတစ်ပုံ ရတယ်ဆိုပြီးတော့ ဟိုဟာပေါ့ တစ်နှစ်ကျရင် လေးလရမယ်ဆိုပြီးတော့ လူတိုင်းတော့ မရဘူးပေါ့” ဟု အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ဆိုသည်။ 

၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကူးအထိမ်းအမှတ်အနေဖြင့်လည်းကောင်း၊ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အနေဖြင့်လည်းကောင်း နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်နိုင်သည်ဟု ခန့်မှန်းပြောဆိုမှုများ ရှိနေသည့်အပေါ် လွတ်လပ်ရေးနေ့တွင် အကျဉ်းသားများ လွှတ်ပေးခြင်း မရှိခဲ့သည်မှာ သုံးနှစ်ဝန်းကျင်ခန့်ရှိပြီး ယခုနှစ်တွင်လည်း လွှတ်ပေးရန် အစီအစဉ်မရှိကြောင်း ဦးမင်းထွန်းစိုးက ထပ်လောင်း အတည်ပြု ပြောကြားသည်။ 

“မနှစ်ကလည်း မလွှတ်ဘူး။ ဟိုးတစ်နှစ် ကလည်း မလွတ်ဘူး။ တို့က သုံးနှစ်ရှိပြီ မလွှတ်ပေးတာ။ လွတ်လပ်ရေးနေ့လည်း လွှတ်ပေးတာ မရှိပါဘူး” ဟု အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ရှင်း လင်းပြောဆိုသည်။ 

ထို့ပြင် ရခိုင်ပြည်နယ်၊ အင်းဒင်ကျေးရွာတွင် ဘင်္ဂါလီ ၁၀ ဦး အသတ်ခံရမှုနှင့် ဆက်စပ်ပြီး မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက် ဥပဒေပုဒ်မ - ၃(၁)(ဂ)ဖြင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခြင်းခံထားရသည့် ရိုက်တာသတင်းဌာနမှ ကိုဝလုံး (ခ) ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး(ခေါ်) ကိုမိုးအောင်တို့ နှစ်ဦးကိုလည်း ပြန်လွှတ်ပေးရန်မရှိကြောင်းလည်း ၎င်းက ပြောကြားသည်။ 

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်ထားသော သတင်းအချက်အလက်များအရ နိုင်ငံရေး ပုဒ်မများဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူ၊ အကျဉ်းကျနေသူနှင့် အကျဉ်းထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူများ စုစုပေါင်း နှစ်ရာကျော်ရှိကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment