Wednesday, January 23, 2019

ဖမ်းဆီးခံ ရတနာပုံတက္ကသိုလ်ကျောင်းသားများ လွတ်မြောက်ရေး တရားရုံးတွင် ဆန္ဒပြ


ရတနာပုံတက္ကသိုလ်​မှာလုံခြုံရေးနဲ့ သန့်ရှင်းရေးဝန်ထမ်းတိုးမြှင့်ချထားပေးဖို့ တောင်းဆိုခဲ့လို့ ​ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို အမရပူရမြို့နယ် တရားရုံးမှာ မနေ့က ဒုတိယအကြိမ်​ ရုံးထုတ်​ရာမှာ ဗကသကျောင်းသားတွေက လာရောက်ဆန္ဒပြခဲ့ကြပါတယ်။ 
ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသ) အဖွဲ့ဝင် ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်းနဲ့ ကိုရဲမျိုးဆွေတို့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်က ဖမ်းဆီးခဲ့ပြီး ကိုဘုန်းမြင့်ကျော်ပါ ၄ ဦးကိုတော့ ဇန်နဝါရီ ၂ ရက်က ဖမ်းဆီးကာ ငြိမ်းစုစီ ဥပဒေပုဒ်မ၁၉နဲ့ တရားစွဲဆိုထားတာပါ။ 

မနေ့က ရုံးထုတ်မှာတော့ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ အခြားတက္ကသိုလ်ကေ​ကျာင်းသား​သမဂ္ဂတွေ လည်း တရားရုံးကို လာရောက်ဝန်းရံခဲ့ကြပြီး ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးရေးကို တောင်းဆိုခဲ့ကြပါတယ်​။ 

ပဲခူးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသ) အတွင်းရေးမှူး ကိုသက်မောင်မောင်က “အရင်အစိုးရလက်ထက်ကလည်း ကျောင်းသားတွေဖမ်းဆီးခံခဲ့ရတယ်။ အခုအစိုးရလက်မှာလည်း ဖမ်းဆီးခံနေရတယ်။ အခုအစိုးရလက်မှာ ပိုဆိုးနေတယ်​လေ။ စစ်အာဏာရှင် သဘော သက်ရောက်နေတယ်”လို့ ပြောပါတယ်။ 

မနေ့က တရားခွင်မှာတော့ တရားလို ဒုရဲမှူးခင်မောင်စိုးနဲ့ တရားလိုပြသက်​သေ နယ်ထိန်းခေါင်းဆောင်ရဲအုပ်မင်းပိုင်ဦး၊ တပ်ကြပ်ကြီးမောင်စိုးနဲ့ တောင်သမန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်စိုးတို့ကို စတင်​စစ်​​ဆေးခဲ့ ပါတယ်​။ 

ဗကသ​ကျောင်းသား​တွေကို ရတနာပုံတက္ကသိုလ်က တာဝန်ရှိသူတဦးက တရားလိုပြုလုပ်​ပြီး ဝတ္တရားနှောက်ယှက်မှုနဲ့ တရားစွဲထားသလို မြို့နယ်အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးက တရားလိုပြုလုပ်ကာ ပုဒ်မ ၄၃၅/၅၀၅(ခ)/၁၁၄နဲ့ တရားစွဲထားပြီး ရဲတပ်ဖွဲ့က တရားလိုလုပ်​ပြီး ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ဖမ်းဆီး အရေးယူထားပါတယ်။

DVB

0 comments:

Post a Comment