သံဖြူဇရပ်မြို့နယ်ရှိ လူမနေသောခြံတွင် ယနေ့(ဇန်နဝါရီလ ၂၄ ရက်)၊ နံနက်ပိုင်းက ဒဏ်ရာများဖြင့် သေဆုံးနေသည့်အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ဟံသာဝတီရပ်ကွက်၊ ၆ လမ်းထိပ်ရှိ လူမနေသော ခြံကွက်အလွတ်တွင် ဇန်နဝါရီလ ၂၄ ရက်၊ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား အလောင်းတစ်လောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သံဖြူဇရပ်မြို့မရဲစခန်းမှ သိရသည်။
“အဲဒီမှာဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတစ်လောင်း လာစွန့်ပစ်ထားတာ တွေ့တယ်လို့ ကျွန်တော်တို့ဆီအကြောင်းကြားလို့ သွားရောက်စစ်ဆေးတဲ့အခါ အောင်သာယာရပ်ကွက်မှာနေတဲ့သူ ဖြစ်နေတာကို တွေ့ရတယ်။ သူက ခရီးကနေပြန်လာတာမကြာသေးဘူး။ ရပ်ကွက်မှာလည်းရှိနေတယ်။ ညကမှ ရန်ဖြစ်ပြီး အခုလိုဖြစ်တဲ့အနေအထားမျိုးပေါ့” ဟု သံဖြူဇရပ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိ သတင်းဌာနသို့ ပြောသည်။
အဆိုပါသေဆုံးသူမှာ အာကာ၊ (၃၄)နှစ်၊ အောင်သာယာရပ်ကွက်၊ သံဖြူဇရပ်မြို့နယ်နေသူဖြစ်ကြောင်း သိရသည်။၎င်းသည် ဝဲဘက်ပါးတွင် ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ဦးခေါင်းအနောက်ဝဲဘက်ခြမ်းတွင် ၁ လက်မခွဲခန့် စုတ်ပြဲ ဒဏ်ရာ(၁)ချက်ဖြင့် သေဆုံးနေပြီး လက်ရှိတွင် ၎င်း၏မိသားစုမှာ ဘုရားသုံးဆူမြို့သို့ ရောက်ရှိနေသဖြင့် ဆက်သွယ်ထားကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဟံသာဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် သံဖြူဇရပ်မြို့မ ရဲစခန်း၌ (ပ)၁၈၇/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကိုစုံစမ်းနေကြောင်း သိရသည်။
AKon Thi







0 comments:
Post a Comment