တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုတိုင်ကြားသည့်စာ NLD ပါတီသို့ ရောက်ရှိပြီဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်က ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်သည် ၂၀၁၂ ခုနှစ်တွင် NLD ပါတီသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး ပါတီ၏ဗဟိုအမှုဆောင်ကော်မတီအဖြစ်မကြာမီရောက်ရှိလာခဲ့ကာ နိုင်ငံတော်သမ္မတက ခန့်အပ်သော အမျိုးသမီးဝန်ကြီးချုပ်နှစ်ဦးတွင် တစ်ဦးအပါအ၀င်လည်း ဖြစ်သည်။
“တိုင်ကြားစာကအခုပဲရောက်ပါတယ်ခင်ဗျ။ အရေးယူမှာလား။မယူဘူးလားဆိုတာတော့ တိုင်တဲ့စာအပေါ် မူတည်ပါတယ်။ နာမည်လေးပိုတိကျစေချင်ပါတယ်။အခုက ကျွန်တော်တွေ့ရတာနာမည်က သုံးလေးမျိုး ဖြစ်နေပါတယ်။ ဒါပေမဲ့ တိကျခိုင်လုံတဲ့ အထောက်အထားမေးမြန်းရင်ပြနိုင်တဲ့ အခြေအနေ ဆိုရင်တော့ တစ်မျိုးပေါ့ခင်ဗျ။ စိစစ်တာတော့လုပ်မှာပါ။ အဂတိနဲ့တိုင်တယ်လို့တော့ဆိုလို့မရဘူး ခင်ဗျ။ ရာထူးကိစ္စနဲ့ ဟုတ်ပါတယ်’’ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အကုန်သိသတင်းဌာနသို့ပြောသည်။
Facebook ပေါ်တွင် ပြန့်နှံ့နေသောသတင်းများအရ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာ လဲ့လဲ့မော်သည် ဆွေမျိုးတော်စပ်သူအား လုပ်ပိုင်ခွင့်များပေးထားပြီး ရာထူးပေးအပ်ထားခြင်းများရှိကြောင်း သိရသည်။
မိမိဆွေးမျိုးနီးစပ်သူများအား ကိုယ်ရေးအရာရှိအဖြစ်ခန့်ထားခြင်းမပြုရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားစာထုတ်ပြန်ထားသည်။
ဒေါက်တာလဲ့လဲ့မော်သည် ကရင်-ဗမာလူမျိုးတစ်ဦးဖြစ်ပြီးကျေးရွာများတွင် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများကို ၂၅ နှစ်ကျော်လုပ်ကိုင်ခဲ့သောဆရာဝန်တစ်ဦးလည်း ဖြစ်သည်။
Akon Thi







0 comments:
Post a Comment