Thursday, January 24, 2019

တနင်္သာရီဂျာနယ်အမှု အမိန့်ချမည့်ရက် ပြောင်းရွှေ့


သတင်းမီဒီယာဥပဒေပုဒ်မ၂၅(ခ)နဲ့ တရားစွဲဆိုခံထားရတဲ့ တနင်္သာရီဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်ကို ဇန်န၀ါရီ(၂၄)ရက်မှာ အမိန့်ချဖို့ ချိန်းဆိုထားပေမယ့် အမိန့်မချဖြစ်ဘဲ ရက်ပြောင်းရွှေ့လိုက်တယ်လို့ ဦးမျိုးအောင်က ပြောပါတယ်။ 
အမိန့်ချမယ့် ထားဝယ်မြို့နယ် တရားသူကြီးက နေပြည်တော်ကို သွားနေတာကြောင့် အခုလို ပြန်လည်ချိန်းဆိုလိုက်တာဖြစ်ပြီး အမိန့်ချမယ့်ရက်ကို လာမယ့် ဖေဖော်ဝါရီ(၇)ရက်ကို ချိန်းဆိုလိုက်တယ်လို့ ဦးမျိုးအောင်က ပြောပါတယ်။ 

(၂၀၁၇)ခုနှစ် နိုဝင်ဘာ(၂၀)ရက်က ထုတ်ဝေတဲ့ အပတ်စဉ်ထုတ် တနင်္သာရီဂျာနယ် အတွဲ(၅) အမှတ်(၁၇)မှာ ဖော်ပြခဲ့တဲ့ “မဲဆွယ်အပြုံး” သရော်စာဆောင်းပါးနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ 

အပြီးသတ်လျှောက်လဲချက်ကို အကောင်းဆုံးနဲ့ အတတ်နိုင်ဆုံးကြိုးစားပြီး လျှောက်လဲခဲ့တယ်လို့ ဦးမျိုးအောင်က ဆိုပါတယ်။ 

အခုတရားစွဲဆိုထားတဲ့ သတင်းမီဒီယာဥပဒေပုဒ်မ(၂၅)(ခ) ဟာ ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေတဲ့ အရေးအသားနဲ့ လူ့အခွင့်အရေးကို ထိခိုက်စေတဲ့ အရေးအသားတွေ ဖော်ပြတဲ့အတွက် စွဲဆိုတဲ့ပုဒ်မဖြစ်တယ်လို့ သိရပါတယ်။ 

သတင်းမီဒီယာဥပဒေပုဒ်မ(၂၅)(ခ)မှာ မည်သည့်သတင်းမီဒီယာသမားမဆို ပုဒ်မ ၉၊ ပုဒ်မခွဲ(ဃ)၊ ပုဒ်မခွဲ(စ)နှင့် ပုဒ်မခွဲ (ဆ) တို့ပါ တာဝန်နှင့် ကျင့်ဝတ်တစ်ရပ်ရပ်ဖြင့် ပြစ်မှုကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ငွေဒဏ် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်တစ်ဆယ်သိန်းအထိချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။ 

ပုဒ်မ ၉၊ ပုဒ်မခွဲ (ဃ)မှာ သတင်းဓာတ်ပုံနှင့် အရုပ်အသံများဖော်ပြရာတွင် နည်းပညာတစ်ရပ်ရပ် အသုံးပြု၍ မလျော်ကန်သော ပြုပြင်ပြောင်းလဲခြင်းမှ ရှောင်ကြဉ်ခြင်း၊ပုဒ်မခွဲ(စ)မှာ တစ်ပါးသူပိုင်ဆိုင်သည့် ဥာဏဆိုင်ရာပစ္စည်းများကို ခွင့်ပြုချက်မရဘဲ ကူးယူဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်း၊ပုဒ်မခွဲ(ဆ) မှာ အများပြည်သူ၏ အကျိုးစီးပွားနှင့်စပ်ဆိုင်သည့် သတင်းရေးသားခြင်းမဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုးဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်းဆိုပြီး သတင်းမီဒီယာဥပဒေနှင့် နည်းဥပဒေ စာအုပ်မှာ ဖော်ပြထားပါတယ်။ 

သတင်း- သီဟစိုးလွင် 
Photo - Myo Aung (FB) 
One News Myanmar


0 comments:

Post a Comment