Sunday, January 27, 2019

PPST အစည်းအဝေးခေါ်ယူရန် KNU နှင့် RCSS ထံ ထပ်မံမေတ္တာရပ်ခံ


တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထား သော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းရှစ်ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်တစ်ဦးစီဖြင့် စုဖွဲ့ထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးဆက်လက် ခေါ်ယူရေး ထပ်မံမေတ္တာရပ်ခံထားကြောင်း အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။ 
PPSTအစည်းအဝေးကို ၂၀၁၈ နိုဝင်ဘာလဆန်းကကျင်း ပရန် သတ်မှတ်ခဲ့သော်လည်း ယင်းအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုး အစည်းအဝေးတက်ရောက် နိုင်ခြင်း မရှိ၍ ရွှေ့ဆိုင်းခဲ့ရာ နှစ်လကျော်သည်အထိ မကျင်းပနိုင် သေးပေ။ 

‘‘ကျွန်တော်တို့ ဒီကနေ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု အရတော့ ဘယ်သူမှ သိက္ခာမကျစေဘဲနဲ့ ညီညွတ်ရေးကို ထိန်း သိမ်းတဲ့အနေနဲ့ ကျွန်တော်တို့ နည်းလမ်းရှာပါတယ်။ ဒါကြောင့်မို့လို့ ရှစ်ဖွဲ့ပေါ့နော်။ ယာယီရပ်ဆိုင်းတာ နှစ်ဖွဲ့ပဲ ရှိတာကိုး ။ ကျန်တဲ့ရှစ်ဖွဲ့ကတော့ PPST အစည်းအဝေး တရားဝင် ဆက်လက်ခေါ်ပေးဖို့ မေတ္တာရပ်ခံတာတော့ရှိတယ်။ တတိယအကြိမ်ပေါ့’’ ဟု ပအိုဝ်းအဖွဲ့ (PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားသည်။ 

PPST အစည်းအဝေးခေါ်ယူ ပေးရန် KNU ဥက္ကဋ္ဌနှင့် PPST ဒုတိယအဖွဲ့ခေါင်းဆောင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ထံ ကျန်အဖွဲ့ဝင်များက နှစ်ကြိမ် တောင်းဆိုသော်လည်း ခေါ်ယူနိုင်ခြင်း မရှိပေ။ သုံးကြိမ်မြောက် မေတ္တာရပ်ခံမှုမှတစ်ဆင့် ဖေဖော်ဝါရီ ၁၂ရက် (ပြည်ထောင်စုနေ့)ကစ၍ သုံးရက်အတွင်း သိသာသည့် အရွေ့တစ်ခု ဖြစ်လာရန် မျှော်လင့်ကြောင်းလည်း ၎င်းကပြောသည်။ 

KNU နှင့် RCSS သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်အစည်းအဝေးများတွင် ပါဝင်မှု ယာယီရပ်ဆိုင်းထားသည့် NCA လက်မှတ်ထိုးအဖွဲ့များ ဖြစ်သည်။ အစည်းအဝေးတွင် ပြန်လည်ပါဝင်လာရေး အစိုးရနှင့်အလွတ် ဆွေးနွေးနေသည်။ 

PPST အစည်းအဝေး မခေါ်ယူနိုင်ခြင်းသည် KNU က ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့်အလုပ်ရှုပ်နေခြင်း၊ KNU နှင့်RCSS နှစ်ဖွဲ့စလုံးက အစိုးရနှင့်တွေ့ဆုံဆွေးနွေးရန် ကိစ္စများကြောင့်ဖြစ်ပြီး ဖေဖော်ဝါရီအတွင်း ခေါ်ယူနိုင်ရေး ကြိုးစားမည်ဟု KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောကြားထားသည်။၂၀၁၈ နိုဝင်ဘာလဆန်းက ကျင်းပသော KNU ဗဟိုကော်မတီ အစည်းအဝေးတွင် PPST ၌ ပါဝင်နေသည့် KNU ကိုယ်စားလှယ်ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး နေရာတွင် အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးကို အစားထိုးရန် ဆုံးဖြတ်ခဲ့သည်။

7Day

No comments:

Post a Comment