ကက်ရှ်မီးယားဒေသတွင် အိန္ဒိယဂျက်တိုက်လေယာဉ်နှစ်စင်းကို ပါကစ္စတန်လေတပ်က ပစ်ချခဲ့ကြောင်း၊ လေသူရဲနှစ်ဦးကို အရှင်ဖမ်းမိထားကြောင်း ပါကစ္စတန်စစ်တပ်က ဖေဖော်ဝါရီ ၂၇ ရက်၌ ထုတ်ပြန်ခဲ့သည်။
အိန္ဒိယဘက်မှ မော်တာဖြင့်ပစ်ခတ်မှုကြောင့် ကက်ရှ်မီးယားဒေသ ပါကစ္စတန်ဘက်ခြမ်း ကော့တလီကျေးရွာတွင် အရပ်သားခြောက်ဦးသေဆုံးခဲ့ကြောင်း ပါကစ္စတန်ရဲတပ်ဖွဲ့ကပြောဆိုခဲ့ပြီးနောက် အိန္ဒိယတိုက်လေယာဉ်နှစ်စင်းကို ပစ်ချခဲ့ကြောင်း စစ်ဘက်ကကြေညာခဲ့ခြင်းဖြစ်သည်။
လေယာဉ်တစ်စင်းသည် အိန္ဒိယဘက်ခြမ်းကျရောက်ပြီး တစ်စင်းမှာမူ ပါကစ္စတန်ဘက်ခြမ်းကျရောက်ခဲ့၍ မြေပြင်၌လေသူရဲနှစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။အိန္ဒိယလေတပ်ပြောခွင့်ရသူက သတင်းမရရှိသေးကြောင်းပြောဆိုခဲ့သည်။
စောစောပိုင်းကမူ အိန္ဒိယထိပ်တန်းရဲအရာရှိ မူနီယာအာမက်ခန်းက ကက်ရှ်မီးယားတွင် အိန္ဒိယတိုက်လေယာဉ်ပျက်ကျခဲ့ကာ သေဆုံးထိခိုက်မှုမသိရသေးကြောင်း ပြောဆိုခဲ့သည်။
အခြားရဲအရာရှိတစ်ဦးကလည်း ဘက်ဂမ်ဧရိယာ၌အိန္ဒိယစစ်လေယာဉ်ပျက်ကျ၍ မီးသတ်သမားများ ငြှိမ်းသတ်ခဲ့ရကြောင်း ပြောဆိုခဲ့သည်။
ဖေဖော်ဝါရီ ၁၄ ရက်က ကက်ရှ်မီးယားတွင် တပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးခဲ့ရသည့် စစ်ရဲယာဉ်တန်း ဗုံးခွဲခံရမှုအတွက် လက်စားချေသည့်အနေဖြင့် ပါကစ္စတန်ဘက်ခြမ်းရှိ ဂျေအီးအမ်စစ်သွေးကြွလေ့ကျင့်ရေး စခန်းတစ်ခုကို လက်ဦးမှုရယူ၍ လေကြောင်းမှချေမှုန်းခဲ့ကြောင်း အိန္ဒိယက ဖေဖော်ဝါရီ ၂၆ ရက်က ထုတ်ပြန်ခဲ့ရာမှ နှစ်နိုင်ငံတင်းမာမှုများ ပိုမိုမြင့်တက်ခဲ့သည်။
စစ်သွေးကြွ ရာဂဏန်း ချေမှုန်းနိုင်ခဲ့ကြောင်း အိန္ဒိယနိုင်ငံ၏ပြောဆိုချက်ကို ပါကစ္စတန်နိုင်ငံက ငြင်းဆန်ထားသည်။
ဖေဖော်ဝါရီ ၂၆ ရက်ညက နယ်စပ်ရှိထိန်းချုပ်ရေးမျဉ်းတစ်လျှောက် အိန္ဒိယစစ်စခန်းများကို ပါကစ္စတန်ကြည်းတပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်းလည်း အိန္ဒိယကြည်းတပ်ကထုတ်ပြန်ခဲ့၍ တောင်အာရှဒေသ၏ နျူကလီးယားအင်အားရှင် နှစ်နိုင်ငံတို့ အကြီးအကျယ် ထိပ်တိုက်ဆုံတွေ့ကြမည်ကို စိုးရိမ်ရမှုများရှိနေသည်။
The Myanmar Times

No comments:
Post a Comment