လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးရုံ၊ဆေးခန်းများကိုပုဂ္ဂလိကနှင့်စာချုပ်ချုပ်ဆိုပြီးအဆင့်မြှင့်တင်ခြင်း၊အဖွဲ့ပိုင်ဆေးရုံ၊ဆေးခန်းများကိုမိမိအစီအစဉ်ဖြင့်အဆင့်မြှင့်တင်ခြင်းတို့ကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းအလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှသိရသည်။
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက"ကျန်းမာရေးဝန်ဆောင်မှုနဲ့ပတ်သတ်ပြီးဦးစားပေးအစီအစဉ်များချမှတ်ဆောင်ရွက်ရာမှာပထမအဆင့်အနေဖြင့်ပြင်ပလူနာများအတွက်ဝန်ဆောင်မှုများအားအခြားဆေးရုံ၊ဆေးခန်းများမှဝယ်ယူခြင်း၊ဒုတိယအဆင့်အနေဖြင့်ဆေးရုံတက်လူနာကုသမှုဝန်ဆောင်မှုအားအခြားဆေးရုံများမှဝယ်ယူခြင်း၊တတိယအဆင့်အနေဖြင့်လူမှုဖူလုံရေးအဖွဲ့ပိုင်ဆေးရုံ၊ဆေးခန်းများကိုပုဂ္ဂလိကနှင့်စာချုပ်ချုပ်ဆိုပြီးအဆင့်မြှင့်တင်ခြင်း၊အဖွဲ့ပိုင်ဆေးရုံ၊ဆေးခန်းများကိုမိမိအစီအစဉ်ဖြင့်အဆင့်မြှင့်တင်ခြင်းတို့ကိုဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟုပြောကြားခဲ့သည်။
ယနေ့နံနက်ပိုင်းကနေပြည်တော်သင်္ဂဟဟိုတယ်တွင်ကျင်းပခဲ့သောလူမှုဖူလုံရေး-မေမေအထွေထွေရောဂါကုဆေးခန်းဖွင့်ပွဲအခမ်းအနားတွင်အဖွင့်မိန့်ခွန်းပြောကြားရာ၌အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင်လူမှုဖူလုံရေးအဖွဲ့မှအကောင်အထည်ဖော်မည့်မိသားစုထောက်ပံ့မှုအာမခံစနစ်ကိုရွှေ့ဆိုင်းပြီးအာမခံအလုပ်သမားများ၏မှီခိုသူများအားအခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက်အပြည်ပြည်ဆိုင်ရာပညာရှင်များနှင့်ဆွေးနွေးခြင်းများ၊နိုင်ငံတကာကျင့်သုံးမှုများကိုလေ့လာလျက်ရှိကြောင်းလည်း၎င်းကပြောကြားခဲ့သည်။
လူမှုဖူလုံရေးအဖွဲ့သည်မြန်မာနိုင်ငံတွင်တစ်ခုတည်းသောကျန်းမာရေးစောင့်ရှောက်မှုအာမခံစနစ်ဆောင်ရွက်လျက်ရှိသည့်အဖွဲ့အစည်းဖြစ်ပြီး(၂၀၁၂)ခုနှစ်၊လူမှုဖူလုံရေးဥပဒေနှင့်အညီအလုပ်သမား၊အလုပ်ရှင်တို့၏ထည့်ဝင်ကြေးငွေတို့ဖြင့်အလုပ်သမားများ၏လူမှုဘဝလုံခြုံရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုများကိုပိုမိုခံစားရရှိနိုင်စေရန်လုပ်ငန်းစီမံကိန်းများချမှတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အာမခံအလုပ်သမားများ၏ကျန်းမာရေးစောင့်ရှောက်မှုများကိုမြှင့်တင်ဆောင်ရွက်ရန်နိုင်ငံအတွင်းရှိဆေးရုံ၊ဆေးခန်းများနှင့်ပူးပေါင်းပြီးနိုင်ငံတကာ၌ကျင့်သုံးဆောင်ရွက်လျက်ရှိသောဝန်ဆောင်မှုပေးသူနှင့်ဝန်ဆောင်မှုယူသူခွဲခြားလုပ်ကိုင်သည့်Provider-Purchaser Split(PPS)စနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးစမ်းသပ်ဆေးခန်းများကို(၂၀၁၈)ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ထို့ပြင်ရန်ကုန်နှင့်ကျန်တိုင်းဒေသကြီး၊ပြည်နယ်ရှိအာမခံအလုပ်သမားများ၏ကျန်းမာရေးစောင့်ရှောက်မှုကိုကောင်းမွန်စေရန်အတွက်PPSစမ်းသပ်ဆေးခန်းများကိုမကြာမီဆက်လက်တိုးချဲ့ဖွင့်လှစ်သွားရန်စီစဉ်ထားကြောင်းလည်းဦးသိန်းဆွေက
ပြောကြားခဲ့သည်။
ထို့ကြောင့်အလုပ်ရှင်၊အလုပ်သမားများအနေဖြင့်လည်းနိုင်ငံတော်အစိုးရနှင့်ပူးပေါင်းပြီးလူမှုဖူလုံရေးစီမံကိန်းကိုအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားရန်လည်းတိုက်တွန်းပြောကြားခဲ့သည်။
ဖူးဖူးအောင်
Popular News Journal

No comments:
Post a Comment