မတ်လ ၂၀ ရက်တွင် myanmarpresidentoffice.gov.mm ကို ဆိုက်ဘာတိုက်ခိုက်ခံရပြီး Deface ပြုလုပ်ခြင်းခံခဲ့ရသည်။ ယင်းသို့ တိုက်ခိုက်ခံရခြင်းအပေါ် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက သတင်းမှားသာဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော် ယင်းနှင့်ပတ်သက်၍ အတည်ပြုမေးမြန်းရာတွင် myanmarpresidentoffice. gov.mm မှာ အသုံးမပြုဘဲထားသည့် ဝက်ဘ်ဆိုက်သာဖြစ်ကြောင်း ထပ်မံဖြေကြားခဲ့သည်။ ယင်းတိုက်ခိုက်ခံရသည့် myanmarpresidentoffice.gov.mm သည် သမ္မတရုံးမှ တိုးချဲ့ထားသည့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်ကြောင်း ၂၀၁၃ ခုနှစ်က သမ္မတရုံးတာဝန်ရှိသူကပင် ထုတ်ပြန်ထားခြင်းဖြစ်သည်။ တိုက်ခိုက်ခံရပြီး နောက်တွင် myanmarpresidentoffice.gov.mm Domain ကိုလည်း ဖျက်သိမ်းသွားသည်ကို တွေ့ရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းမှန်သည်၊ သတင်းမှားသည် စသော ဝေဖန်မှုများ၊ အငြင်းပွားမှုများလည်း ဖြစ်ပေါ်ခဲ့သဖြင့် သက်ဆိုင်ရာနယ်ပယ်မှ ပညာရှင်များ၏ အမြင်များကို စုစည်းဖော်ပြအပ်ပါသည်။
ကိုရန်နိုင်မြင့် (CEO) Cyber Wings ကုမ္ပဏီ
myanmarpresidentoffice.gov.mm ရဲ့ စာမျက်နှာကို ၂၀၁၉ မတ်လ ၂၀ ရက်နေ့ ညပိုင်း ၁၀ နာရီ ဝန်းကျင်လောက်မှာ Defacement အလုပ်ခံရတယ်ဆိုတာ ကိုယ်တိုင် တွေ့ခဲ့တာပါ။ ဒါကို သတင်းမှားလို့ ဖေ့စ်ဘွတ်ခ်ပေါ်တင်ပြီးပြောတာဟာ ဘာရည်ရွယ်ချက်နဲ့လဲဆိုတာတော့ ကျွန်တော် နားမလည်ပါဘူး။ သဘောထားအမြင်ကတော့ တိုက်ခိုက်ခံခဲ့ရတာ အမှန်ပဲဆိုတော့ ရိုးရိုးသားသား ဝန်ခံလိုက်တာဟာ အကောင်းဆုံးပဲဖြစ်မှာပဲလို့ မြင်ပါတယ်။
ခုနက ပြောသလိုပေါ့။ ဘာကြောင့် တိုက်ခိုက်ခံရတယ်ဆိုတာကို ငြင်းခဲ့တာလဲ သို့မဟုတ် သတင်းမှားလို့ ပြောခဲ့တာလဲတော့ ကျွန်တော် တကယ်နားမလည်နိုင်အောင်ပါပဲ။ အဲဒီအပြင် လူမှုကွန်ရက် စာမျက်နှာကနေ တရားဝင် ထုတ်ပြန်ထားခဲ့တဲ့ ၂၀၁၃ တုန်းက Post တွေကိုပါ ဖျက်သွားတယ်ဆိုတော့ နိုင်ငံတော်အဆင့်ရှိတဲ့ ဘယ်သူမဆို မလုပ်သင့်မလုပ်အပ်တဲ့လုပ် ရပ်ပါပဲ။ သမိုင်းဖျောက်ပစ်တဲ့ပုံစံမျိုး ဖြစ်နေတယ်။ Defacement နဲ့ တိုက်ခိုက်ခံရတယ်ဆိုတာကို သတင်းမှားလို့ ပြောဖို့အတွက် လုံးဝမလိုအပ်ဘူးထင်တာပါပဲ။
myanmarpresidentoffice.gov.mm ရဲ့ စာမျက်နှာကို Defacement လုပ်ပြီးတဲ့အချိန်မှာ ကိုယ်တိုင် မြင်တွေ့ခဲ့တာပါ။ နောက်ပြီး ကျွန်တော့်လိုပဲ မြင်တွေ့ခဲ့တဲ့သူတွေလည်း အများကြီးရှိပါတယ်။ တိုက်ခိုက်ခံခဲ့ရတာ ဟုတ်ကိုဟုတ်ပါတယ်။
သတင်းမှန်တစ်ခုကို သတင်းမှားလို့ ပေါ်တင်ကြီး ပြောတာကတော့ မလုပ်သင့်တဲ့ကိစ္စ၊ နိုင်ငံတော်အဆင့်အနေနဲ့ ရှောင်ကြဉ်သင့်တဲ့ကိစ္စလို့ပဲ မြင်ပါတယ်။
Internet ပေါ်မှာ Domain တွေနဲ့ပတ်သက်ပြီး ကျန်ခဲ့တဲ့အထောက်အထားတွေ ရှိပါတယ်။ Facebook Post တွေကိုလည်း Screenshot တွေရှိပါသေးတယ်။ အဲဒီအပြင် ၂၀၁၃ တုန်းက myanmarpresidentoffice. gov.mm ကို တိုးချဲ့ပါတယ်ဆိုတဲ့ Post ကိုလည်း မြင်တွေ့ခဲ့တဲ့သူတွေ သက်သေတွေလည်း အများကြီး ရှိပါသေးတယ်။ ဒါတွေဟာ အမှန်တွေပါ။ လူကိုယ်တိုင် မြင်တွေ့ခဲ့တယ်ဆိုတဲ့ သက်သေတွေထက် ပိုကောင်းတဲ့ သက်သေမရှိတော့ပါဘူး။
လူအများသိတဲ့ သတင်းမှန်တစ်ခုကို သတင်းမှားလို့ပြောပြီး သက်ဆိုင်တဲ့ အရင်က Post တွေ သတင်းထုတ်ပြန်ချက်တွေကိုပါ ဖျောက်ဖျက်ပစ်တာမျိုးတစ်ကြိမ် ဒီလိုလုပ်လိုက်တာဟာ နောက် ကိုယ်မသိဘဲ ဒီလိုပေါ်တင်ငြင်းတာမျိုးတွေ ဘယ်လောက်တောင် ရှိမလဲဆိုတာကို သံသယဖြစ်စေတဲ့အတွက် အယုံအကြည်လျော့နည်းစေပါတယ်။ မလုပ်သင့်တဲ့ကိစ္စပါပဲ။
နိုင်ငံအဆင့် ဆိုတာထက် အစိုးရပိုင်းဆိုင်ရာ Website/Server တွေ၊ Infrastructure တွေနဲ့ ပတ်သက်တဲ့ ဆိုက်ဘာလုံခြုံရေးကို ခုထက်ပိုပြီး အများကြီး တိုးမြှင့်လုပ်ဆောင်ဖို့လိုပါတယ်။ လုံခြုံရေးအားနည်းတဲ့ သို့မဟုတ် လုံခြုံရေးကို ဂရုကိုမစိုက်တဲ့ အစိုးရ Website တွေ အများကြီးရှိပါသေးတယ်။ အဲဒီအပြင် Cyber War ဖြစ်လာတဲ့အခါ Server ကိုပိတ်လိုက်တာတို့၊ Firewall ကို အဝင်အထွက် အကုန်ပိတ်လိုက်တာတို့၊ ကြိုးဖြုတ်လိုက်တာတို့တွေ မြင်တွေ့နေရပါသေးတယ်။ ဒါတွေဟာ ဒီအချိန်အတွက်ပဲ အဆင်ပြေသွားမှာဖြစ်ပေမယ့် ရေရှည်အတွက် ဘယ်လိုမှ မကောင်းတဲ့ အလေ့အထတွေဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်အရင်က ပြောခဲ့သလိုပဲ အစိုးရဝန်ကြီးဌာနတွေရဲ့ Website/Infrastructure တွေကို တာဝန်ယူထားတဲ့သူတွေ Company တွေကို လုံခြုံရေးပိုင်း တာဝန်ယူခိုင်းသင့်ပါတယ်။ တာဝန်ယူရုံနဲ့လည်း မပြီးပါဘူး။ တာဝန်ခံခိုင်းရမယ်။ လျော်ကြေးသဘောမျိုး တစ်ခုခု ပြန်တောင်းသင့်တယ်။ ဒါမှလည်း တာဝန်ယူတဲ့အပေါ်မှာ ပိုမိုဂရုစိုက်လာကြမယ်လို့လည်း မြင်ပါတယ်။
ကိုစိုးသီဟနောင် (CEO) Mega Myanmar Link ကုမ္ပဏီ
ကျွန်တော်ကိုယ်တိုင် Deface အလုပ်ခံလိုက်ရတာ မြင်လိုက်ပါတယ်။ Post တောင် တင်လိုက်ပါသေးတယ်။ ဒါပေမဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာစိုးလို့ Post ကို ပြန်ဖြုတ်ချခဲ့တာပါ။ သတင်းအမှား မဟုတ်တာကို သတင်းအမှားလို့တော့ မပြောသင့်ဘူးလို့ မြင်ပါတယ်။
အခုအချိန်မှာ Domain၊ ထုတ်ပြန်ချက်တွေ ဖျက်သွားတယ်ဆိုတိုင်း ပြီးတာမဟုတ်ဘူးခင်ဗျ။ Web ဆိုတာ ခြေရာတွေကျန်ခဲ့တဲ့အမျိုးပါ။ IP ချိန်းသွားတယ် ဆိုရင်လည်း ဘယ် IP ကနေ ဘယ် IP ချိန်းသွားတယ် ဆိုတာတွေ ပြန်ရှာလို့ရပါတယ်။
နောက် Web History တွေကလည်း ကျန်နေတတ်တဲ့ အမျိုးပါဗျ။
နိုင်ငံတော်အဆင့် ဆိုက်ဘာလုံခြုံရေးအရဆိုရင် အဓိကက Application Level မှာလည်း ဒီထက် လုံခြုံအောင် အများကြီး လုပ်သင့်တယ်လို့မြင်ပါတယ်။ Optimization အပိုင်းတွေ အများကြီး လိုအပ်နေပါသေးတယ်။
ကိုမြတ်မင်းစိုး (CEO) Dev House Myanmar ကုမ္ပဏီ
ဘယ်ဟာက Website အစစ်လဲ ဘယ်ဟာက Website အတုလဲဆိုတာ ခုချိန်မှာအရေးမကြီးပါဘူး။ အရေးကြီးတာ သုံးသုံး၊ မသုံးသုံး .gov.mm domain ကို Deface အတင်ခံရတာပါပဲ။
Website တစ်ခုကို မသုံးတော့ဘူးဆိုပြီး ပစ်ထားလို့မရပါဘူး။ အစိုးရ Website ဆို ပိုပြီးသတိထားသင့်ပါတယ်။
သူ့အတွက် Infrastructure ဖိုးတွေ အလဟဿဖြစ်ပါတယ်။ Deface တင်တာမျိုးမဟုတ်ဘဲ တခြားသတင်းအမှားတစ်ခုခု တင်သွားတာမျိုးဖြစ်ခဲ့ရင် ကိုယ်ကျိုးရှာသွားတာမျိုးဆိုရင် နိုင်ငံတော်အတွက် အများကြီးနစ်နာပါတယ်။
တိုက်ခိုက်ခံရတဲ့ History က Archive တစ်ခုခုမှာ ကျန်ခဲ့မှာပါ။
နိုင်ငံအဆင့်လုံခြုံရေးအတွက် သက်ဆိုင်ရာ တင်ဒါအောင်တဲ့ကုမ္ပဏီက တာဝန်ယူရမှာဖြစ်ပါတယ်။
ဦးကိုကိုရဲ (Ubuntu Myanmar LoCo Team)
သတင်းမှားဆိုတဲ့နေရာမှာ အတိအကျ ထုတ်ပြန်ထားတဲ့ အဖြစ်မှန်သတင်းနဲ့ ဆန့်ကျင်နေရင် ဝေဝါးနေရင် သတင်းပေါ်မူတည်ပြီး ပြောလို့ရတာမျိုးပါ။ ဥပမာ-ဝက်ဘ်ဆိုက်ကြီးပါသွားတာကို အဟက်မခံရပါဘူး၊ အဟက်ခံရတယ်လို့ ထင်မြင်နေကြတာပါ ဆိုတာမျိုးက သတင်းမှားလို့ ပြောလို့ရတဲ့အထဲ မပါပါဘူး။
၂၀၁၃ မှာ သုံးခဲ့တယ် အတည်ပြုခဲ့တယ်။ နောက်ပိုင်းမှာ မသုံးဖြစ်တော့ဘူး။ ဒါပေမဲ့ ဆိုက်ပါသွားပြီးနောက်မှ မသုံးတော့တဲ့အကြောင်း အရင်က မကြေညာဖြစ်ခဲ့တဲ့အတွက် ပို့စ်တွေပြန်ဖျက်ပစ်တာလည်း ဖြစ်နိုင်ပါတယ်။
နောက်တစ်မျိုးကတော့ သိပ်မကြာခင်ကအထိ ဆက်သုံးနေပြီး အဟက်ခံရမှ ပို့စ်ဖျက်တာဆိုရင်တော့ အစ်ကိုမေးသလို ရည်ရွယ်တယ်လို့ ပြောလို့ရပါတယ်။ သိပ်မကြာခင်အထိ မသုံးဖြစ်တော့ဘူးလား သုံးဖြစ်လား ကျွန်တော်မသိဘူး Web.archive.org တွေမှာ ကြည့်လို့ရတတ်ပါတယ်။ အလွယ်ဆုံးကတော့ ဟက်ခံထားရတဲ့ဆိုက်ကို ပုံမှန် Subscribe လုပ်ထားတဲ့သူတွေကို မေးရင်တော့ အဖြေသိရပြီပေါ့။
သမ္မတရုံး ဝက်ဘ်ဆိုက်ပေါ်မှာ မသက်ဆိုင်တဲ့ စာသားတွေ တင်ထားတာ မြင်ခဲ့ရတဲ့သူ အများကြီးပါ။ သတင်းမှန် သတင်းမှားဆိုတဲ့နေရာမှာတော့ အရေးကြီးတဲ့သတင်း မကြီးတဲ့သတင်း၊ နိုင်ငံပေါ်မှာ အကျိုးဖြစ်မယ့်သတင်း အပြစ်ဖြစ်မယ့်သတင်း၊ သိက္ခာကျမယ့်သတင်း သိက္ခာတက်မယ့်သတင်း စတာတွေပေါ် မူတည်ပြီး သတင်းကို မှေးမှိန်ပစ်တာ၊ ထင်ရှားအောင်လုပ်တာ သတင်းလောကနဲ့ သတင်းထုတ်ပြန်သူတွေဆီမှာ ရှိနိုင်ပါတယ်။ ဒါပေမဲ့ သတင်းဆိုတဲ့နေရာမှာ သတင်းမှန်ဖြစ်ပြီး အကျိုးရှိဖို့လိုပါတယ်။
တကယ်လို့များ Hacker တွေက သူတို့ ရယူနိုင်ခဲ့ကြောင်း သူတို့ကျွမ်းကျင်မှုကို သက်သေရှိအောင် ဟက်ခဲ့တဲ့ဆိုက်တွေကို တင်ထားတာမျိုးရှိပါတယ်။ အဲဒီ List တွေမှာ ပြန်လည်ရှာဖွေနိုင်ပါတယ်။ တခြားသောနည်းလမ်းတွေရှိပေမယ့် ဒါတွေက အသုံးမဝင်ပါဘူး။
သတင်းမှား သတင်းမှန်ဆိုတဲ့ကိစ္စက အရေးကြီးပါတယ်။ သတင်းထုတ်ပြန်မှု မြန်မှ မှန်မှ လူတွေက ယုံကြည်ကြတာပါ။ အရေးကြီးသတင်းတွေမှာ စိတ်ချရတဲ့ ထုတ်ပြန်သူဖြစ်ချင်ရင် အရေးမပါတဲ့သတင်းတွေကို အမှားအယွင်းခံပြီး အယုံအကြည်မဲ့ခံပြီး မငြင်းဖို့ လိုအပ်တယ်လို့ ကျွန်တော့်အမြင်နဲ့ ယူဆပါတယ်။
မောင်မန်း
The Voice




No comments:
Post a Comment