Wednesday, March 27, 2019

ဘရစ်ဇစ် သဘောတူညီချက်ကို လွှတ်တော်မှာ အတည်ပြုပေးရင် ရာထူးက နုတ်ထွက်ပေးမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ပြော


ဗြိတိန်နိုင်ငံကို အကျပ်အတည်းဆိုက်နေစေတဲ့ အီးယူကနေ နုတ်ထွက်မှု ဘရစ်ဇစ်အရေးမှာ သဘောတူညီချက်မရဘဲ သောင်မတင်ရေမကျဖြစ်နေတဲ့ အခြေအနေကို လွှတ်တော်အမတ်တွေက ဖြေရှင်းကျော်လွှားခြင်း မရှိပါဘူး။ 
ဘရစ်ဇစ်အရေးမှာ ရှေ့တိုးလုပ်ကိုင်ဆောင်ရွက်နိုင်မယ့် အစီအစဉ်လမ်းကြောင်းတွေကို လွှတ်တော်မှာ မဲပေးအတည်ပြုခြင်း မရှိတာကြောင့် ဝန်ကြီးချုပ် ထရီဆာမေက အီးယူခေါင်းဆောင်တွေနဲ့ ညှိနှိုင်းရယူထားတဲ့ ၎င်း နုတ်ထွက်ရေးအစီအစဉ် သဘောတူညီချက်ကို လွှတ်တော်ကနေ ထောက်ခံအတည်ပြုပေးမယ်ဆို ၎င်းအနေနဲ့ ရာထူးက နုတ်ထွက်မယ်လို့ နောက်ဆုံးခြေလှမ်း လှမ်းလိုက်ပါတယ်။ 

အောက်လွှတ်တော်မှာ ဘရစ်ဇစ်အရေး ရွေးချယ်နိုင်မယ့် လမ်းစဉ်တွေကို မဲခွဲကြရာမှာ လွှတ်တော်အမတ်တွေကြား သဘောထားကွဲလွဲမှုတွေသာ ပေါ်ပေါက်ပြီး ဘာတစ်ခုမှ အတည်မပြုနိုင်ခဲ့တဲ့နောက်မှာ ဝန်ကြီးချုပ် ထရီဆာမေက ဗုဒ္ဓဟူးနေ့မှာ ကမ်းလှမ်းလာခဲ့တာပါ။ 

ဘရစ်ဇစ်အရေး အဆိုပြုချက် ရှစ်ရပ်စလုံးကို လွှတ်တော်မှာ အများစု ထောက်ခံမဲ မရတာကြောင့် ဘရစ်ဇစ်ဝန်ကြီး စတိဗ်ဘာကလေးက ထရီဆာမေ အစိုးရ ရယူထားတဲ့ ဘရစ်ဇစ် သဘောတူညီချက်ကပဲ အကောင်းဆုံး ရွေးချယ်စရာ လမ်းကြောင်းအဖြစ် အခိုင်အမာ ရှုမြင်မိတယ်လို့ ပြောပါတယ်။ 

အီးယူခေါင်းဆောင်တွေနဲ့ ထရီဆာမေ ရယူထားတဲ့ ဘရစ်ဇစ် သဘောတူညီချက်ဟာ လွှတ်တော်မှာ နှစ်ကြိမ်တိုင် မဲပေး ပယ်ချခံထားရတာပါ။ နှစ်ကြိမ်စလုံးမှာလည်း ကန့်ကွက်မဲပေးထားကြတာက အများစုပါ။ ဒါပေမယ့် ဝန်ကြီးချုပ်ကတော့ ၎င်းရဲ့ ဘရစ်ဇစ် သဘောတူညီချက်ကို လွှတ်တော်က ယုံကြည်လက်ခံအောင် ကြိုးစားနေဆဲဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ၎င်းရဲ့ သဘောတူညီချက်ကို အတည်ပြုရင် ၎င်းက ဝန်ကြီးချုပ်အဖြစ်ကနေ နုတ်ထွက်ပေးမယ်လို့ ကမ်းလှမ်းလာခဲ့တော့တာပဲ ဖြစ်ပါတယ်။

Mizzima - News in Burmese 

No comments:

Post a Comment