ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး ဒေသ မတည်ငြိမ်မူ ဖြစ်ပေါ်နေသည့်အတွက် စစ်တွေ ရခိုင်ရိုးရာသင်္ကြန်တွင် ဗဟိုမဏ္ဍပ်များ အပါအဝင် ရပ်ကွက်အချို့မှ ရေကစား မဏ္ဍပ်များကို ထည့်သွင်း ကျင်းပမည် မဟုတ်ကြောင်း သတင်း ရရှိသည်။
ရခိုင်ပြည်နယ်အစိုးရအနေဖြင့်လည်း စစ်တွေသင်္ကြန်တွင် ခါတိုင်းနှစ်များကဲ့သို့ ဗဟိုမဏ္ဍာပ်ပြုလုပ်ပြီး သင်္ကြန်ပွဲတော် ဆင်နွဲရန် အစီအစဉ် မရှိဟု ပြည်နယ်အစိုးရအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
တိုက်ပွဲများပြင်းထန်နေမှုကြောင့် စစ်ဘေးရှောင်ဒုက္ခသည် နှစ်သောင်းကျော် အိုးအိမ် စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ပြီး ဒုက္ခရောက်နေကြစဉ် သင်္ကြန်ပွဲတော် ကျင်းပပြုလုပ်ရန် မသင့်တော်ဟုယူဆ၍ ယခုကဲ့သို့ ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း စစ်တွေမြို့၊ မိဇံရပ်ကွက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝိုင်းမောင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
" ဒီနှစ်မှာတော့ ဦးတို့ မိဇံမှာ နှစ်စဉ်ကျင်းပလာတဲ့ ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ဒီနှစ်မှာ မကျင်းပတော့ဘူးလို့ ဦးတို့ စဉ်းစားထားကြတယ်။ ဘာဖြစ်လို့လဲဆိုရင် ဦးတို့မှာ ကော်မတီက အစည်းအဝေးကတော့ ခေါ်ပြီး ဆုံးဖြတ်တာတော့ မဟုတ်ဘူး။ သို့သော် အဓိက ကော်မတီမှာပါတဲ့ လူကြီးတွေကို လိုက်ပြီးမေးတယ်။ တစ်ဦးချင်းရဲ့ဆန္ဒကိုမေးတဲ့အခါ မကျင်းပသင့်ဘူးဆိုပြီးတော့ လူတွေက အားလုံး ပြောကြတဲ့အတွက် မကျင်းပတော့ဘူးလို့ ဆုံးဖြတ်ထားကြတယ်"ဟု ဦးဝိုင်းမောင်က ပြောသည်။
ယခုနှစ်တွင် စေတနာရှင်များအနေဖြင့် စစ်ဘေးရှောင်များအတွက် ငွေကြေးအကုန်အကျများနေပြီဖြစ်၍ သင်္ကြန်အတွက် ငွေကြေးထည့်ဝင်ရန် အခက်အခဲရှိနေကြသည်ဟုလည်း ဆိုသည်။
" ပွဲလမ်းသဘင်ဆိုတာက ငြိမ်းချမ်းတဲ့အခါ ပျော်ပွဲရွှင်ပွဲဆောင်ရွက်တာဟာ ပြဿနာမရှိဘူး။ ဒီနှစ်မှာ ပွဲတော် မလုပ်ဘူးလို့ ဆိုတာဟာ လက်ရှိ ရခိုင်မှာ ဖြစ်နေတဲ့ အခြေအနေအရဆိုတော့ ဒါ သဘာဝ ကျတယ်လို့လည်း ဦးတို့က ယူဆတယ်" ဟုလည်း စစ်တွေဒေသခံ ဦးမောင်သိန်းထွန်းက ပြောသည်။
စစ်တွေတွင် ရခိုင်ရိုးရာသင်္ကြန်ကို ပြည်နယ်အစိုးရ ဗဟိုမဏ္ဍာပ်၊ စစ်တွေဒေသခံများ ပြုလုပ်သည့် ရခိုင်ရိုးရာသင်္ကြန်ဗဟိုမဏ္ဍာပ်နှင့် ရပ်ကွက်မဏ္ဍာပ်များဖြင့် နှစ်စဉ် စည်ကားစွာ ကျင်းပလေ့ရှိကြောင်း သိရသည်။
မာန်ယုကျော် (ရွှေဝ မြေ)
Narinjara




No comments:
Post a Comment