Monday, March 25, 2019

တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း တိုက်ပွဲမဖြစ်ချင်ဟု တပ်မတော်ဆို

တပ်မတော်သည် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားပါ အကောင်းဆုံးဖြစ်နေသော်လည်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲမလုပ်လိုကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားလိုက်သည်။ 
“လက်ရှိအနေအထားမှာ တိုက်စွမ်းရည်ရော တိုက်စွမ်းအားပါ အကောင်းဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့ ညီအစ်ကို အချင်းချင်း တိုက်ပွဲမလုပ်ချင်ပါဘူး”ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၂၅) တပ်မတော်၏ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

အစိုးရနှင့် တပ်မတော်အနေနှင့် ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်နေပြီး တပ်မတော်အနေနှင့် လေးလ အပစ်ရပ်ထားပေးပြီးဖြစ်ကြောင်း၊ ယင်းကာလသည် အချိန်လုံလောက်ပြီဖြစ်သောကြောင့် ထပ်မံ၍ မိမိအကျိုးစီးပွားအတွက် ဆက်လက်လုပ်ဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွင်သာ တာဝန်ရှိကြောင်း ဗိုလ်ချုပ်စိုးနိုင်ဦးက ဆိုသည်။ 

“အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ သူတို့က ကလေးအတွေးနဲ့ စိတ်ကူးယဉ်ပြီး မလုပ်သင့်၊ မလုပ်ထိုက်တာတွေ မလုပ်ဖို့ပေါ့။ နောက်တစ်ခုကတော့ မဖြစ်နိုင်တာတွေ မတောင်းဆိုဖို့ လိုပါတယ်လို့ ကျွန်တော်ပြောကြားလိုပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။ 

တပ်မတော်နှင့် AA သောင်းကျန်းသူ အဖွဲ့တို့သည် ၂၀၁၉ ဇန်နဝါရီ ၁ ရက်မှ မတ်လ ၂၄ ရက်(ယခုလ) အထိ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု ၉၇ ကြိမ်နှင့် မိုင်းဖြစ်စဉ် ၃၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုသည်။ 

ယင်းအပြင် တပ်မတော်အနေဖြင့် အပစ်ရပ်စည်းကမ်းထုန်ပြန်လိုက်သည့် (ရခိုင်ပြည်နယ်မပါ၊ ကျန်တိုင်း ၅ တိုင်း) ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ယခုလ ၂၄ ရက် အထိ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အကြိမ်သုံးဆယ်နှင့် ယင်းလက်နက်ကိုင်းတိုင်းရင်းသားများ အချင်းချင်း တိုက်ပွဲဖြစ်ပွားမှု ၃၉ ကြိမ် ဖြစ်ပွားသည်ကို တွေ့ရကြောင်း သိရသည်။ 

ယင်းအပြင် စည်းကမ်းဖောက်ဖျက်မှုဖြစ်သော နယ်မြေကျော်လွန်လှုပ်ရှားမှု ၃၈၀၊ ဆပ်ကြေးကောက်ခံမှု ၃၄ ကြိမ်၊ လူသစ်စုဆောင်မှု ၃၈ ကြိမ်ရှိခဲ့ကြောင်း၊ ဆပ်ကြေးကောက်ခံမှုတွင် RCSS/SSA က အများဆုံးဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ထိတွေ့တိုက်ပွဲဖြစ်ပွားသည့်အဖွဲ့မှာလည်း RCSS/SSA နှင့် TNLA တို့ဖြစ်ကြောင်း သိရသည်။ 

၂၀၁၅ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်၊ ပလက်ဝမြို့နယ်၊ ပြိုင်ဆိုပတ်ဝန်းကျင်တွင် စပြီးတော့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းနှစ်အတွင်း တိုက်ပွဲ ၁၅ ကြိမ်၊ မိုင်းဖြစ်စဉ်တစ်ကြိမ်၊ AA အကြမ်းဖက်သောင်းကျန်းသူ အလောင်း ၃ လောင်းနှင့် လက်နက် ၁၂ လက်၊ ၂၀၁၆ ခုနှစ် အတွင်း ၂၆ ကြိမ်၊ မိုင်းဖြစ်စဉ် ၁၀ကြိမ်ရှိပြီး AA အကြမ်း ဖက်သောင်းကျန်းသူ အလောင်း ၂၂ လောင်းနှင့် လက်နက် ၄၃ လက်၊ ၂၀၁၇ ခုနှစ်တွင် တိုက်ပွဲ ၅၆ ကြိမ်၊ မိုင်းဖြစ်စဉ် ၅ ကြိမ် ၊ ၂၀၁၈ ခုနှစ်တွင် ထိတွေ့တိုက်ပွဲ ၆၁ ကြိမ်၊ မိုင်းဖြစ်စဉ် ၁၉ ကြိမ်၊ AA အကြမ်း ဖက်သောင်းကျန်းသူ အလောင်း ၇၃ လောင်း၊ လက်နက် ၄၅ လက်ရရှိခဲ့ကြောင်း၊၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ဖြစ်စဉ် မဖြစ်ပွားမီ ဇန်နဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့ အထိ တပ်မတော် စစ်ကြောင်းနှင့် AA အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့ ထိတွေ့မှု ၈ ကြိမ်ရှိခဲ့ပြီး AA အကြမ်းဖက်သောင်းကျန်းသူအလောင်း ၃ လောင်းကျဆုံးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်များတွင် တပ်မတော်ဘက်မှလည်း အရာရှိစစ်သည်များ ဆုံးခဲ့ခြင်းများဖြစ်ခဲ့ပြီး ကျဆုံးစစ်သည်ဦးရေကို ထုတ်ပြန်ပေးနိုင်ရန်မဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုထားသည်။

The Voice

No comments:

Post a Comment