မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အထက(၁၂) ကျောင်းမှ ဆရာမ ဒေါ်မာမာမြင့်သည် အငြိမ်းစားပင်စင်ယူရမည့်သက်တမ်းထက် သုံးနှစ်ကျော် ကျော်လွန်တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် လုပ်ခလစာ ၇၈ သိန်းကို ပြန်လည်ပေးအပ်ရမည်ဖြစ်သည်။
ဆရာမ ဒေါ်မာမာမြင့်သည် အဆိုပါကျောင်းတွင် ဆရာမအဖြစ် ၁၉၈၇ ခုနှစ်မှစတင်၍ ၃၂ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သူမ၏ ပင်စင်သက်တမ်းမှာ ၂၀၁၅ ခုနှစ်တွင် ပြည့်သွားခဲ့ပြီးဖြစ်သော်လည်း မိမိ၏မွေးသက္ကရာဇ်အား ၁၉၅၉ ခုနှစ်ဟုသာ စိတ်တွင်မှတ်ထင်နေသည့်အတွက် ပင်စင်လျောက်ထားချိန်တွင်မှ အချိန် ၃ နှစ်နှင့် ၇ လခန့်ကျော်လွန်၍ တာဝန်ထမ်းဆောင်ထားမှန်း သိရှိခဲ့သည်ဟုဆိုပါသည်။
ယင်းကြောင့် မတ်လ (၈)ရက်နေ့ ရက်စွဲဖြင့် အဆိုပါကျောင်းမှ ကျောင်းအုပ်ကြီး၏လက်မှတ်ဖြင့် ငွေကျပ် ၇၈ သိန်း ပြန်လည်ပေးအပ်ရန် ညွှန်ကြားစာထုတ်ပေးခဲ့သည်။
ဆရာမကြီး၏ ဘွဲ့လက်မှတ်ပေါ်မှ မွေးသက္ကရာဇ်သည် ဆယ်တန်းအောင်လက်မှတ်ပေါ်မှ မွေးသက္ကရာဇ်နှင့် ကွဲလွဲနေသည်ကို ပင်စင်လျောက်လွှာတင်ချိန်မှ သိရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
“ပင်စင်ပြည့်နေ့ရက်ကို သိလားမသိလားဆိုတာက ဆရာမက ဆယ်တန်းအောင်တုန်းကလည်း အောင်စာရင်းကို တခါမှမတောင်းခဲ့ဖူးဘူး။ ၅ ပြား ၁၀ပြားခေတ်ကလည်း ကျပ်တည်းခဲ့လို့ မတောင်းခဲ့ရဘူး။ အဖေကစစ်ဗိုလ် ဆရာမ ၃ တန်းမှာ ဆုံးတယ်။ အမေက ဘာမှမလုပ်တတ်ခဲ့ဘူး။ ကလေးဘဝတည်းက ဘဝကိုရုန်းကန်ခဲ့ရတယ်။ ၁၀ တန်းအောင်တယ်၊ အောင်တော့ တက္ကသိုလ်တက်တယ်။ ကိုယ်နဲ့တတန်းတည်းအတူတူတက်ခဲ့တဲ့သူငယ်ချင်းတွေနဲ့ သက်တူရွယ်တူပဲဆိုပြီး ဘာဖြည့်ဖြည့် သူတို့နဲ့ အတူတူဖြည့်ခဲ့တာ။ အလုပ်ဝင်တော့လည်း အဲဒီ သက္ကရာဇ်နဲ့ပဲ ဝင်ခဲ့တာ။ တက္ကသိုလ်တက်တုန်းကလည်း ၅၉ ခုနှစ်နဲ့ပဲ။ တကယ်လို့အလုပ်ဝင်တော့မှ လွဲနေတယ်ဘာညာဆိုရင်လည်း သူတို့စစ်နေတာပဲ။ သေချာစစ်ဆေးလို့ရပါတယ်။ အဲဒီမှာလည်း သူတို့ကစစ်ဆေးမှုမရှိတော့ ဆရာမကြီးက မသိဘူး။ မှတ်ပုံတင်မှာလည်း ၅၉ ခုနှစ်နဲ့ပဲ။ တက္ကသိုလ်ကထောက်ခံစာနဲ့ပဲ မှတ်ပုံတင်လုပ်ခဲ့တာ”ဟု ဆရာမ ဒေါ်မာမာမြင့်က ပြောသည်။
ထိုဖြစ်ရပ်ကို တပည့်တဦးမှသိရှိ၍ လူမှုကွန်ရက်မှတဆင့် ဖြန့်ဝေရာတွင်တော့ ဆရာမကို ကံတရားက မျက်နှာသာပေးခဲ့သည်။
“တပည့်မရှား တပြားမရှိဆိုသလိုပဲ တပြားမှလည်း အပိုမရှိဘူး။ ဒါပေမယ့် (အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) တိုင်းမှူးကြီးကလည်း သူ့တိုင်းထဲမှာ ဆရာမတယောက် ဒီလိုဖြစ်တယ်ဆိုပြီး ကြည့်မနေဘဲ ဝန်ထုပ်ဝန်ပိုးကြီးကလွတ်အောင် ၇၈သိန်းတိတိကို ၂၃ရက်နေ့က လာချပေးသွားတယ်”ဟု ဆရာမကြီးက ပြောသည်။
ဆရာမ ဒေါ်မာမာမြင့်အနေဖြင့် လစာငွေကျပ် ၇၈ သိန်းကို ပြန်လည်ပေးအပ်ပြီးနောက်တွင် အဆိုပါ ၃ နှစ်နှင့် ၇ လအတွက် သူမ၏ ပင်စင်လစာကို ခံစားခွင့်ရရှိမည်ဖြစ်သည်။
ဆရာမသည် လက်ရှိအချိန်တွင် သိုးမွေးထိုးခြင်း၊ စက်ချုပ်ခြင်း၊ အကူအညီတောင်းလာလျှင် အင်္ဂလိပ်စာသင်ပေးခြင်းများဖြင့် အသက်မွေးလျက်ရှိသည်။
ဆရာမ ဒေါ်မာမာမြင့်အဖို့ ကံတရား၏ဖေးမမှုကြောင့် အကူအညီရရှိခဲ့သော်လည်း သူမ၏ခံစားချက်ကို ယခုလို ပြောပါသည်။
“ဆရာမဆိုတာ သူဌေးတွေမဟုတ်ဘူး။ ကျူရှင်ဆိုတာလည်း ရတုန်းခဏပဲ။ ရေသည်ယောက်ျားလိုပေါ့ ဘယ်သူက ဘယ်လောက်ပဲပေးပေးပါ ဆရာမလုပ်အားခကိုတော့ ဆရာမတမ်းတနေဦးမှာပါ”
လင်းထက်(မန္တလေး)
News Watch

No comments:
Post a Comment