Wednesday, April 3, 2019

တူရကီ ရွေးကောက်ပွဲများတွင် အန်ကာရာ၌ အတိုက်အခံများ အနိုင်ရ၊ အစ္စတန်ဘူးလ် ရလဒ်များ အငြင်းအခုံဖြစ်


တူရကီ မြူနီစီပယ်ရွေးကောက်ပွဲများတွင် အန်ကာရာ၌ အတိုက်အခံပါတီက အနိုင်ရခဲ့ပြီး အစ္စတန်ဘူးလ်တွင်မူ သမ္မတ အာဒိုဂန်၏ အေကေပါတီနှင့် အတိုက်အခံ ပါတီတို့ အကြိတ်အနယ် ဖြစ်နေသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။ 
တနင်္ဂနွေနေ့က မြူနီစီပယ်ရွေးကောက်ပွဲများတွင် နိုင်ငံတစ်ဝန်းရှိ မြို့တော်ဝန်နေရာ အများစုကို အနိုင်ရရှိသည်ဟု အာဒိုဂန်၏ အေကေပါတီက ပြောကြားသော်လည်း မြို့တော်အန်ကာရာတွင်မူ အတိုက်အခံ ကိုယ်စားလှယ်ကို ရှုံးနိမ့်သွားခဲ့သည်။ အစ္စတန်ဘူးလ်တွင်မူ ရလဒ်များ အငြင်းအခုံဖြစ်နေပြီး နှစ်ဖက်စလုံးက အနိုင်ရကြောင်း ကြေညာနေကြသည်။ 

တနင်္ဂနွေနေ့က တူရကီနိုင်ငံတစ်ဝန်း ရှိ မြို့ကြီး ၃၀၊ ပြည်နယ်မြို့တော် ၅၁ မြို့နှင့် ခရိုင် ၉၂၂ ခုတို့အတွက် အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ရာတွင် မဲပေးခွင့်ရှိသူ ၅၇ သန်းရှိခဲ့သည်။ အဆိုပါရွေးကောက်ပွဲသည် သမ္မတအာဒိုဂန်၏ ရေပန်းစားမှုကို အဓိက စမ်းသပ်မှုတစ်ခုဖြစ်သည်။ 

အစ္စတန်ဘူးလ်တွင် မဲ ၉၈ ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် အေကေပါတီက ၎င်းတို့က ၄၈ ဒသမ ၇၁ ရာခိုင်နှုန်းရရှိပြီး၊ အတိုက်အခံများက ၄၈ ဒသမ ၆၅ ရာခိုင် နှုန်းသာရရှိသည်ဟု ထုတ်ပြန်ပြောကြားခဲ့သည်။ 

“ကျွန်တော်တို့ အစ္စတန်ဘူးလ်မှာ အနိုင်ရပါတယ်။ အစ္စတန်ဘူးလ်မြို့သားတွေကို ကျေးဇူးတင်ပါတယ်”ဟု အာဒိုဂန်၏ သစ္စာရှိ ဝန်ကြီးချုပ်ဟောင်း ယီဒါရင်က ပြောကြားသည်။ 

ရလဒ်များမတိမ်းမယိမ်း ဖြစ်နေချိန်တွင် ထိုသို့ကြေညာသည့် ယီဒါရင်ကို အတိုက်အခံကိုယ်စားလှယ် အီမာမိုဂလူးက ပြစ်တင်ဝေဖန်ခဲ့သည်။ 

အီမာမိုဂလူးကလည်း ၎င်း၏မိန့်ခွန်းတွင်“အစ္စတန်ဘူးလ်မြို့သားတွေကို ကြေညာချင်ပါတယ်။ ရလဒ်တွေအရ ကျွန်တော်တို့ အနိုင်ရကြောင်း ထင်ရှားပါတယ်”ဟု ပြောကြားသည်။ 

နိုင်ငံတစ်ဝန်း မဲရလဒ်များတွင်မူ အာဒိုဂန်၏ပါတီက ၄၈ ရာခိုင်နှုန်း ရရှိပြီး အတိုက်အခံ CHP ပါတီက ၃၁ ရာခိုင်နှုန်း ရရှိသည်ဟု နိုင်ငံပိုင်မီဒီယာက သတင်းထုတ်ပြန်သည်။ 

သမ္မတအာဒိုဂန်၏ ယခင်က ရွေး ကောက်ပွဲအောင်ပွဲများသည် စီးပွားရေးဖွံ့ဖြိုးမှုအပေါ်တွင် အခြေပြုကာ ရရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ ငွေဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းတက်မှုများကြောင့် မြို့တော်ဝန်နှင့် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများတွင် အာဒိုဂန်၏ အေကေ ပါတီမှာ ပြင်းထန်သောစိန်ခေါ်မှုကို ရင်ဆိုင်နေရသည်။ 

ယခုရွေးကောက်ပွဲများကို ကာ့ဒ်လိုလားသော HDP ပါတီက သပိတ်မှောက်ခဲ့ပြီး အစိုးရသည် ကာ့ဒ်ပါတီကို ချည့်နဲ့သွားအောင်ပြုလုပ်နေကြောင်းနှင့် ရွေးကောက်ပွဲကို မျှတမှုမရှိအောင် စီမံထားကြောင်း ဝေဖန်ပြောဆိုထားသည်။

The Voice

No comments:

Post a Comment