၂၀၁၈ ခုနှစ်အတွင်း ဂျာမနီနိုင်ငံတွင် မွတ်ဆလင်များနှင့် ဗလီများအား တိုက်ခိုက်မှုများသည် ယခင်နှစ်ကထက် သိသိသာသာ လျော့နည်းသွားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ကိန်းဂဏန်းများကို ကိုးကားကာ ဂျာမန်သတင်းစာက အင်္ဂါနေ့တွင် ရေးသားခဲ့ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
အစ္စလာမ်မုန်းတီးရေး တိုက်ခိုက်မှုများသည် ၂၀၁၇ ခုနှစ်က ၉၅၀ ရှိခဲ့ရာမှ ယခင်နှစ်က ၈၁၃ မှုသို့ ကျဆင်းသွားခဲ့သည်။ သို့ရာတွင် အဆိုပါ အခင်းဖြစ်ပွားမှုများအတွင်း ထိခိုက်ဒဏ်ရာရသူ အရေအတွက်မှာမူ ၃၂ ဦးမှ ၅၄ ဦးသို့ မြင့်တက်လာခဲ့သည်။ ထို့ပြင် အစီရင်ခံစာ နှောင့်နှေးမှုများကြောင့် နောက်ဆုံးကိန်းဂဏန်းမှာ ပို၍မြင့်နိုင်သည်ဟု အစိုးရက ပြောကြားထားသည်။
လက်ဝဲပါတီက လွှတ်တော်တွင် မေးခွန်းထုတ်မှုကြောင့် အဆိုပါကိန်းဂဏန်းများကို ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးခြင်းဖြစ်သည်ဟု သိရှိရသည်။
အဆိုပါအမှုအားလုံးနီးပါးကို လက်ယာစွန်းလှုပ်ရှားသူများက ကျူးလွန်ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ယူဆထားကြသည်။ အစီရင်ခံစာအရ ဗလီနံရံများတွင် နာဇီတံဆိပ်ကို မှုတ်ဆေးဖြင့်ရေးဆွဲခြင်း၊ ခြိမ်းခြောက်စာများပို့ခြင်း၊ နှုတ်မှဆဲရေးခြင်း၊ ပစ္စည်းများ ဖျက်ဆီးခြင်း၊ အမုန်းတရား သွေးထိုးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်ဟု သိရှိရသည်။ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကိုမူ ပြည်ထဲရေးဝန်ကြီးဌာနက ခန့်မှန်းဖော်ပြနိုင်ခဲ့ခြင်းမရှိဟု သိရှိရသည်။
လက်ဝဲပါတီမှ ပြည်ထဲရေးကျွမ်းကျင်သူ အူလာဂျယ်ပီက “ဒီကိန်းဂဏန်းတွေက အဖျားအနားလောက်ပဲ ရှိပါတယ်။ မွတ်ဆလင်တွေအပေါ် စော်ကားမှုနဲ့ တိုက်ခိုက်မှု အသေးအမွှားတွေက မှတ်တမ်းတင်ထားခြင်းတောင် မရှိပါဘူး”ဟု မှတ်ချက်ပေးသည်။
ဂျာမနီ မွတ်ဆလင်ဗဟိုကောင်စီဥက္ကဋ္ဌ အေမန်းမာဇရက်ကမူ မွတ်ဆလင်များအပေါ် ရန်လိုတိုက်ခိုက်မှုများကို အကဲခတ်စောင့်ကြည့်ရန် ကိုယ်စားလှယ်တစ်ဦး ခန့်အပ်တာဝန်ပေးဖို့ အစိုးရအား တိုက်တွန်းသည်။
“ဒီလိုကိုယ်စားလှယ်မျိုးက အရင်ကထက် ပိုပြီးလိုအပ်တယ်။ ဂျာမနီမှာက ငုပ်လျှိုးနေတဲ့ မွတ်ဆလင်ဆန့်ကျင်ရေး စိတ်ဓာတ်ရှိနေတယ်”ဟု ၎င်းက မှတ်ချက်ပေးသည်။
မွတ်ဆလင်များအား တိုက်ခိုက်မှု လျော့နည်းသွားသည့် အကြောင်းရင်းတစ်ခုမှာ ဂျာမနီသို့ မွတ်ဆလင်ဒုက္ခသည်များ ဝင်ရောက်မှု လျော့နည်းသွားသောကြောင့်သာ ဖြစ်သည်ဟု မာဇရက်က သံသယရှိသည်။
The Voice

No comments:
Post a Comment