Thursday, April 4, 2019

ဦးရွှေမန်းဦးဆောင်သည့် ပါတီတည်ထောင်ခွင့်ရရှိ


သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုဆောင်ပါတီ(UBP)တည်ထောင်ခွင့်အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ယနေ့ တွင် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိသည်။ 
“မှတ်ပုံတင်ခွင့်လျှောက်ထားလာရင် ကျွန်တော်တို့ စီစစ်စရာတွေရှိတာစီစစ်မယ်။ကြေငြာစရာရှိတာတွေကို ကြေငြာပြီးမှ မှတ်တင်ခွင့်ပြုဖို့ အတွက် အဆုံးအဖြတ်ပြုရမှာပေါ့”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်ကပြောသည်။ 
ထိုသို့ ခွင့်ပြုချက်ကျသည့် အချိန်မှ စ၍ တစ်လအတွင်း ပါတီတည်ထောင်လိုသူနှင့် ဒုတိယခေါင်းဆောင်တို့မှ မှတ်ပုံတင်ကြေးအဖြစ် ကော်မရှင်မှ သတ်မှတ်ထားသည့် ငွေကျပ် ၃ သိန်းပေးသွင်းကာ လာရောက်လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။ 
ယင်းပါတီကို တည်ထောင်ခြင်းသည် နိုင်ငံတော်နှင့်နိုင်ငံသားအကျိုးစီးပွားအတွက်အလုပ်အကျွေးပြုရန်နှင့် နိုင်ငံတော်၏နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး၊တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးတို့အား ပိုမိုကောင်းမွန်အောင်ဆောင်ရွက်လိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သူရဦးရွှေမန်းမှ ပြောကြားထားခြင်းဖြစ်သည်။ 
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ဖေဖော်ဝါရီလ ၅ ရက်နေ့ က မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ကြောင်း သိရသည်။ 
သူရဦးရွှေမန်းသည် ၂၀၁၆ ခုနှစ် မတ်လ ၁ မှ စ၍ ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်ရေးကော်မရှင်ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ရာ ယင်းကော်မရှင်အား ၃ နှစ်ပြည့်ပြီးချိန်တွင် လွှတ်တော်မှ ထပ်မံသက်တမ်းမတိုးခဲ့ကြောင်း သိရသည်။ 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၁၁၁ ပါတီရှိကြောင်း သိရသည်။

ယဉ်ကေနွယ် 
The Fifth Wave News 

0 comments:

Post a Comment