Thursday, April 4, 2019

ဒေါက်တာလဲ့လဲ့မော် ကျန်းမာရေးအခြေအနေကြောင့် အာမခံလျှောက်ထား



အဂတိလိုက်စားမှုနဲ့ တရားစွဲခံထားရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ဟာ ကျန်းမာရေးအခြေအနေကြောင့် အာမခံလျှောက်ထားတယ်လို့ သိရပါတယ်။ 
ဒေါက်တာလဲ့လဲ့မော်အပါအဝင် ၄ ဦးကို ဧပြီ ၄ ရက် မနက်က ထားဝယ်မြို့ တိုင်းတရား လွှတ်တော်ရုံးမှာ ဒုတိယအကြိမ်မြောက် ရုံးထုတ်စစ်ဆေးစဉ် အာမခံလျှောက်ထားခဲ့တာပါ။ 

ဒေါက်တာလဲ့လဲ့မော်ဟာ ကျန်းမာရေး အခြေအနေ (ရင်သားကင်ဆာ) ဖြစ်နေတဲ့အတွက် သက်သေခံ စာရွက်စာတမ်းတွေ တင်ပြနိုင်ဖို့ သူကိုယ်တိုင်အပြင်မှာ ရှာဖွေပေးမှ တရားစွဲဆိုထားတဲ့ အမှုကို ပြန်လည်ချေပနိုင်မှာဖြစ်တဲ့အတွက် အာမခံလျှောက်ထားခဲ့တာလို့ သူ့ရဲ့အကျိုးဆောင်ရှေ့နေက ပြောပါတယ်။ 

အဲဒီလိုလျှောက်ထားတဲ့အပေါ် တရားလိုရှေ့နေတွေက ကန့်ကွက်ခဲ့ကြပြီး တရားသူကြီးက နှစ်ဖက်ရှေ့နေတွေ ညှိနှိုင်းမှုအရ လာမယ့် ဧပြီ ၂၂ ရက်ကို ထပ်မံရုံးချိန်း ချိန်းဆိုလိုက်ပါတယ်။ 

ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅၊ GGS ကုမ္ပဏီက MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နဲ့ ဦးသူရအုံ တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅/၆၃ နဲ့ အမှု ၄ မှုခွဲပြီး အရေးယူဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တိုင်ကြားထားတာဖြစ်ပါတယ်။ 


သတင်း – စိုးသူရ၊ ထွန်းကျော်မောင်
DVB 

0 comments:

Post a Comment