မယုံကြည်နိုင်တဲ့ အပြုအမူတွေအတွက် အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေက အကောင့် ၇၂၁ ခုနဲ့ စာမျက်နှာ ၃၉၀ တို့ကို ဖျက်ချခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်က ဧပြီ ၁ ရက်မှာ ပြောပါတယ်။
အကောင့်အများအပြားဟာ အိန္ဒိယ ရွေးကောက်ပွဲမတိုင်ခင် အတိုက်အခံ ကွန်ဂရက်စ်ပါတီနဲ့ ပတ်သက်နေပြီး တခြားအကောင့်တွေကတော့ ပါကစ္စတန်စစ်တပ်နဲ့ ပတ်သက်နေတယ်လို့လည်း ပြောပါတယ်။
ဖေ့စ်ဘွတ်ခ်ဟာ နိုင်ငံရေးရည်ရွယ်ချက်အတွက် ဒါမှမဟုတ် သတင်းအချက်အလက် တလွဲတွေကို ဖြန့်ဖြူးဖို့အတွက် အလွဲသုံးစားလုပ်တာတွေ မခံရတာ သေချာစေရေး ကမ္ဘာတလွှားက ဖိအားတွေ တိုးလာတာကို ရင်ဆိုင်နေရပါတယ်။
ဝန်ကြီးချုပ် နရင်ဒြာမိုဒီနဲ့ ပြိုင်ဘက် နိုင်ငံရေးသမားတွေဟာ ဖေ့စ်ဘွတ်ခ် တရားဝင် အကောင့်တွေကို သုံးပြီး သန်းနဲ့ချီတဲ့ နောက်လိုက်တွေအတွက် နိုင်ငံရေး သတင်းစကားတွေကို ပေးပို့လေ့ရှိတာပါ။
ထောင်နဲ့ချီတဲ့ စစ်ဆေးအတည်ပြုမှု မရှိတဲ့ စာမျက်နှာတွေကလည်း နိုင်ငံရေးသမားတွေကို ထောက်ခံဖို့ ဒါမှမဟုတ် ဝေဖန်ဖို့ စာတွေကို မျှဝေနေကြပါတယ်။
အကောင့်တုတွေကို သုံးပြီး မိုဒီရဲ့ လက်ရှိအာဏာရ ဘီဂျေပီပါတီကို ဝေဖန်တဲ့စာတွေ အပါအဝင် တခြားစာတွေကို ဖြန့်ဖြူးနေတဲ့ လူတွေဟာ အိန္ဒိယ အမျိုးသားကွန်ဂရက်စ် (အိုင်အန်စီ) ရဲ့ အိုင်တီကလာပ်စည်းတွေနဲ့ ပတ်သက်နေတာကို ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက သုံးသပ်စစ်ဆေးမှု အတွင်း တွေ့ခဲ့ပါတယ်။
အိုင်အန်စီကတော့ သူတို့ရဲ့ တရားဝင်စာမျက်နှာတွေနဲ့ စိစစ်ထားတဲ့ လုပ်အားပေးတွေရဲ့ အကောင့်တွေ ဘယ်တခုမှ ဖျက်ချမခံရဘူးလို့ တွစ်တာ လူမှုကွန်ရက်ကနေ ပြောပါတယ်။
ဖယ်ရှားခံရတဲ့ စာမျက်နှာတွေနဲ့ အကောင့်တွေ အားလုံးရဲ့ စာရင်းကို ပေးဖို့ ဖေ့စ်ဘွတ်ခ်ဆီက တုံ့ပြန်ချက်ကိုလည်း စောင့်နေတယ်လို့လည်း ဆိုပါတယ်။
ပါကစ္စတန်မှာတော့ ဖေ့စ်ဘွတ်ခ်ဟာ အကောင့် ၅၇ ခု၊ စာမျက်နှာ ၂၄ ခု၊ ဂရုပ် ၇ ခုနဲ့ အင်စတာဂရမ်အကောင့် ၁၅ ခုတို့ကို ဖယ်ရှားခဲ့ပါတယ်။
DVB







0 comments:
Post a Comment