Thursday, April 4, 2019

လှိုင်သာယာမြို့နယ် ညောင်ရွာ မီးလောင်မြေနေရာတွင် အိမ်များ ပြန်လည် ဆောက်လုပ်ခွင့်ရရန် နေအိမ် ဆုံးရှုံးခဲ့သူများက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးရှေ့ စုပေါင်းတောင်းဆို


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ညောင်ရွာမီးလောင်ပြင်တွင် နေအိမ်များ ဆောက်လုပ်ကာ ပြန်လည်နေထိုင်ခွင့် ရရေးအတွက် နေအိမ်ဆုံးရှုံးခဲ့သူများက ဧပြီ ၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းအစိုးရရုံးရှေ့တွင် စုပေါင်းတောင်းဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
လှိုင်သာယာမြို့နယ် ညောင်ရွာတွင် မတ် ၉ ရက်က ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ဆုံးရှုံးခဲ့သူများက အဆိုပါ မီးလောင်ပြင်နေရာတွင် နေအိမ်များ ပြန်လည် ဆောက်လုပ်ကာ နေထိုင်ခွင့်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံရန် ဧပြီ ၄ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း အစိုးရရုံးရှေ့တွင် စုပေါင်းတောင်းဆိုမှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ 

အဆိုပါ မီးလောင်ပြင်နေရာတွင် ယခင်က အိမ်ထောင်စု ၁၀၆ စု လူဦးရေ ၄၅၅ ဦး နေထိုင်သည့် နေအိမ်ခြေ ၅၀ ကျော်ရှိပြီး မီးလောင်ကျွမ်းမှုကြောင့် အနီးနား ပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းတွင် တစ်ပတ်ခန့် နေထိုင်ခဲ့ပြီးနောက် မတ် ၂၅ ရက်တွင် နေအိမ်များ ပြန်လည်ဆောက်လုပ်ရန် ကြိုးပမ်းစဉ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တုတ်၊ ဓားများ ကိုင်ဆောင်ကာ တားဆီးခဲ့ခြင်းကြောင့် ပြန်လည်နေထိုင်ရန် အခက်အခဲများ ရှိနေကြောင်း ၎င်းတို့၏ ပြောကြားချက်အရ သိရသည်။ 

“ အစ်မတို့ကို အောက်ခြေက အုပ်ချုပ်ရေးမှူးအဖွဲ့က ဘာမှမလုပ်ပေးဘူး။ မီးလောင်ပြင်နေရာကို ခြံစည်းရိုးပါ ခတ်ထားတယ်။ နေလို့မရဘူး။ အခု အောင်သိဒ္နိ ဘုန်းကြီးကျောင်းရှေ့မှာ စုနေကြရတယ်။ EPC ကို မေးတော့လည်း သူတို့လုပ်တာ မဟုတ်ဘူးလို့ ပြောတယ်။ အိုးအိမ်ကို မေးတော့လည်း သူတို့လုပ်တာ မဟုတ်ဘူးလို့ ပြောတယ်။ စည်ပင်ကလည်း သူတို့လုပ်တာ မဟုတ်ဘူးလို့ ပြောတယ်။ ရပ်ကျေးက လုပ်တာပါလို့ ပြောတယ်။ ထွေအုပ်ကို သွားပြောတော့လည်း ဘာမှဖြေရှင်းချက် မပေးဘူး။ မနေ့က ခရိုင်ရုံးကိုသွားတော့ တိုင်းကို လွှတ်တယ်။ အခု ဝန်ကြီးချုပ်ဆီကို လာတွေ့တာပါ။ မတ် ၂၂ ရက်ကတော့ တိုင်းကို စာတင်ထားပါတယ်။ အစ်မတို့နေရာမှာ ပြန်နေထိုင်ချင်တယ်။အဲ့ ဒါကိုပဲ တောင်းဆိုချင်တာပါ။ အစ်မတို့ နေတာက ကျူးမဟုတ်ဘူး” ဟု နေအိမ်ပြန်လည် ဆောက်လုပ် နေထိုင်ခွင့်ရရှိရန် တောင်းဆိုသူ မခင်လေးနိုင်က ပြောကြားသည်။ 

နေအိမ်များ ဆောက်လုပ်ကာ ပြန်လည် နေထိုင်ခွင့်ရရှိရေးအတွက် တောင်းဆိုသူများက မတ် ၂၂ ရက် တွင် ရန်ကုန်တိုင်း အစိုးရအဖွဲ့ထံသို့ အကြောင်းကြားစာ ပေးပို့ထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် လာရောက်ကာ စုပေါင်းတောင်းဆိုခြင်းဖြစ်ပြီး ဧပြီ ၅ ရက်တွင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ 

ညောင်ရွာတွင် မတ် ၂၁ ရက်က မီးလောင်ကျွမ်းမှု ထပ်မံဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု ၈၀ ခန့်၊ လူဦးရေ ၃၀၀ ခန့် နေထိုင်သည့် နေအိမ် ၈၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ပြီးနောက် ရက်ပိုင်းအတွင်း နေအိမ်များ ပြန်လည် ဆောက်လုပ်ကာ နေထိုင်လျက်ရှိကြောင်း သိရသည်။ 

လှိုင်သာယာမြို့နယ်ရှိ ညောင်ရွာတွင် ကျူးကျော်နေထိုင်သူများ အပါအဝင် အိမ်ထောင်စု ၆၀၀၀ ခန့်နှင့် လူဦးရေ ၅၀၀၀၀ နေထိုင်လျက်ရှိပြီး ကျူးကျော် နေအိမ်များနှင့် ပတ်သက်၍ အငြင်းပွားမှု မကြာခဏဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment