တရုတ်နိုင်ငံသားတဦးနှင့်ချိတ်ဆက်၍ တရုတ်သို့ ဆန်မှောင်ခိုတင်ပို့သည်ဟုဆိုကာ မြန်မာနိုင်ငံသားတဦး ရွှေလီမြို့ရှိဟိုတယ်တခုတွင် တည်းခိုနေစဉ် ဖမ်းဆီးခံခဲ့ရကြောင်း ကာယကံရှင်၏အစ်မဖြစ်သူ မဇင်မာနိုင်က ပြောသည်။
ဖမ်းဆီးခံရသူမှာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင်နေထိုင်သူ ကိုအောင်နိုင်စိုး(ခ)ဖိုးဖြူ (၂၃)နှစ်ဖြစ်ပြီး တရုတ်နိုင်ငံ ရွှေလီမြို့ ရှိဟိုတယ်တခုတွင်တည်းခိုနေစဉ် တရုတ်နိုင်ငံသား ဆန်ကုန်သည်နှင့် WeChat မှတဆင့်ဆက်သွယ်၍ ဆန်မှောင်ခိုတင်သွင်းသည်ဟုဆိုကာ တရုတ်ရဲတပ်ဖွဲ့က မတ်လ ၅ ရက် နံနက် ၅ နာရီခန့်တွင် ဖမ်းဆီးခဲ့ကြောင်း၊ လက်ရှိအချိန်အထိ မိသားစုနှင့်အဆက်အသွယ်မရရှိသေးကြောင်း မဇင်မာနိုင်က ပြောသည်။
"ကျွန်မမောင်လေးက ကျွန်မတို့ဦးလေး ဦးစိုင်းထွေးအောင်နှင့်အတူ မူဆယ်-ကြယ်ဂေါင် နန်းတော်ဝင်ပေါက်ကတဆင့် ရွှေလီမှာ မတ်လ ၄ ရက်နေ့က တရုတ်နိုင်ငံသားမိတ်ဆွေတဦးနဲ့အတူ ညစာအတူစားပြီး ဟိုတယ်မှာ တူဝရီးနှစ်ယောက်တည်းခိုနေတုန်း မနက် ၅ နာရီလောက်မှာ တရုတ်ရဲတွေရောက်လာပြီး ၂ ယောက်စလုံးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်။ WeChat ကတဆင့် တရုတ်နိုင်ငံသားကုန်သည်နဲ့ဆက်သွယ်ထားတယ်ဆိုပြီး မောင်းလေးကိုဖမ်းထားပြီး ဦးလေးကိုပြန်လွှတ်ပေးခဲ့တယ်။ ကျွန်မမောင်လေးက ဆန်သွားရောင်းတာ မဟုတ်ဘူး။ အလည်သွားတာ။ ဘယ်ဆန်ကားမှမမိဘဲ မတရားအဖမ်းခံထားရတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ ဆန်တင်ပို့မှုကို တရုတ်နိုင်ငံကပိတ်ပင်ထားသဖြင့် ဆန်မှာမှောင်ခိုပစ္စည်းဖြစ်လျက်ရှိပြီး မြန်မာနိုင်ငံတွင် ပြည်ပတင်ပို့ခွင့်ပိတ်ပင်ထားသည့် ကျောက်စိမ်း၊ သစ်နှင့် သစ်တောထွက်ပစ္စည်းများကိုမူ တရုတ်ဘက်က တရားဝင်တင်သွင်းခွင့်ပြုထားသည်။
အဆိုကိစ္စနှင့်ပတ်သက်၍ အစ်မဖြစ်သူ မဇင်မာနိုင်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများထံ နည်းအမျိုးမျိုးဖြင့် ဆက်သွယ်အကြောင်းကြား၍ ကိုအောင်နိုင်စိုး(ခ)ဖိုးဖြူထံတွင် အပြစ်ရှိသည်ဆိုလျှင်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးရန် အသနားခံတင်ပြထားကြောင်း၊ လူချင်းအဆက်အသွယ်ရရှိရန် ကြိုးစားသော်လည်း အဆက်အသွယ်အရရှိသေးသဖြင့် တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်သွားမည်ဟု မဇင်မာနိုင်က ပြောသည်။
စိုင်းထူးခန့်
News Watch







0 comments:
Post a Comment