Thursday, May 2, 2019

မြစ်ဆုံလျော်ကြေး စာချုပ်ချုပ်ဆိုခဲ့သူများထံမှ ဥပဒေအရပြန်တောင်းနိုင်၊တစ်ဒေါ်လာကိစ္စသဘောမတူဟု မြစ်ဆုံဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ဖွဲ့စည်းရာ၌ ပြောဆို


ကချင်ပြည်နယ် အတွင်းရှိ မြစ်ဆုံအနီးတွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းတွင် တရုတ်နိုင်ငံ CPI ကုမ္ပဏီမှ ယင်းစီမံကိန်းနှင့်ပတ်သတ်၍ကုန်ကျထားသည့် ငွေစာရင်းချပြလာပါက အဆိုပါစာချုပ်ကို ပြည်သူလူထု သဘောထားမပါပဲချုပ်ဆိုခဲ့သော စစ်ဗိုလ်ချုပ်အချို့ထံမှ လျော်ကြေးငွေအား ဥပဒေအကြောင်းအရ ပြန်လည်တောင်းခံနိုင်ကြောင်း ပြည်ထောင်စုရှေ့နေများနှင့်ဥပဒေအထောက်အကူပြုများအဖွဲ့ဥက္ကဌတရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က မေလ၂ ရက်တွင်ပြောသည်။ 
''တစ်ဖက်ကပြောလာရင် ရတာပေါ့ ကျွန်တော်တို့ ဒီစီမံကိန်းအတွက် တရားဝင်ဘယ်လောက်ကုန်တယ် သီးခြားအနေနဲ့သူတို့ ကို ဘယ်လောက်ပေးရတယ် အဲဒီလို ဖြစ်လာရင် ပြန်တောင်းရမှာပေါ့ ဒီကိစ္စက လူထုမှာ ဘာတာဝန်ယူစရာမှမလိုဘူး လူထုလုပ်ထားတဲ့ ကိစ္စမှမဟုတ်တာ စစ်ဗိုလ်ချုပ်တွေ လုပ်ခဲ့တာပဲလေ ဒါဥပဒေအကြောင်းအရ လျော်ကြေးပြန်တောင်းလို့ ရတာပဲ ဒါစဉ်းစားသင့်တယ့်အချက်တစ်ချက်ပဲလေ'' ဟု ၎င်းကပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ စိတ်တိုင်းကျခန်းမတွင် မေလ၂ ရက်က ပြုလုပ်ခဲ့သော မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်ဖွဲ့စည်းခြင်း အခမ်းအနားအပြီးတွင်i.see media ၏မေးမြန်းမှုကို ဦးကြီးမြင့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

''လူထုက တစ်ဒေါ်လာစီစုပြီးပြန်လျော်ဖို့ အကြောင်းအရာ တစ်ခု ထွက်လာတာ ကြားရတယ် ဒါကိုတော့ကျွန်တော်တို့ သဘောမတူဘူး လူထုက စားဝတ်နေရေး အတွက် နေ့ စဉ်ရုန်းကန်နေရတာလေ ဒါလုပ်ခဲ့တဲ့သူတွေစီက ရတဲ့နည်းနဲ့ပြန်ရအောင်တောင်းရမယ် နှစ်ပေါင်းများစွာ စစ်တပ်က လုပ်ချင်တာလုပ်ခဲ့တာကို လူထုက ပြန်လျော်ရမယ်ဆိုတာ မဖြစ်သင့်ဘူးဗျ သူတို့ လျော်ပေါ့ဗျာ ကျွန်တော်တို့ ကတော့ ဒီစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေးပဲ လိုလားတယ် လူထုလှုပ်ရှားမှု နည်းလမ်းပေါင်းစုံနဲ့ ဖျက်သိမ်းရေး လှုပ်ရှားသွားမှာပါ'' ဟု မြစ်ဆုံစီမံကိန်း နိုင်ငံလုံးဆိုင်ရာကွန်ယက် အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမြတ်ကျော်က ပြောသည်။ 

ယင်းအခမ်းအနားတွင် နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ် အဖွဲ့အစည်းပေါင်း ၅၀ ကျော်မှ ကိုယ်စားပြုသူများ တက်ရောက်ခဲ့ပြီး နိုင်ငံလုံးဆိုင်ရာကွန်ယက် အလုပ်အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ 

မြစ်ဆုံစီမံကိန်းသည် စစ်အစိုးရလက်ထက်အတွင်းက တရုတ်နိုင်ငံ CPI ကုမ္ပဏီနှင့် နှစ်ဦးသဘောတူ ချုပ်ဆိုထားခဲ့သော စာချုပ်ဖြစ်ပြီး လက်ရှိအချိန်အထိ ယင်းစာချုပ်ပါ သဘောတူညီချက်များကို ပြည်သူလူထုမှာ သိရှိ ရခြင်းမရှိသေးပေ။ မကြာမီ ရက်ပိုင်းအတွင်းက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ခဲ့သည့် တရုတ်နိုင်ငံခရီးစဉ်တွင် မြစ်ဆုံစီမံကိန်းနှင့်ပတ်သတ်၍ ကောလဟာလ သတင်းမျိုးစုံထွက်ပေါ်ခဲ့သည်။ 

ကိုဖူးသစ်
Isee Media 

No comments:

Post a Comment