Thursday, May 2, 2019

နာဂစ်မုန်တိုင်း ၁၁ နှစ်ပြည့် ကွယ်လွန်သူများအတွက် အလှူပြုလုပ်



နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ခြင်း ၁၁ နှစ်ပြည့်မြောက်သည့် ယနေ့ မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ၃ မိုင်မြို့၊ အမှတ် ၄ ရပ်ကွက်တွင် နာဂစ်မုန်တိုင်းကာလအတွင်း ကွယ်လွန်ခဲ့သူများကို ရည်စူး၍ အလှူပွဲတခု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ 

အဆိုပါအလှူပွဲကို နာဂစ်မုန်တိုင်းအတွင်း အသက်မသေဘဲ လွတ်မြောက်ခဲ့သည့် ကျန်ရစ်သူမိသားစုများနှင့် လပွတ္တာမြို့၊ မြင့်မြတ်လူမှုကူညီရေး အသင်းတို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး နာဂစ်မုန်တိုင်းဘေးသင့်မိသားစုများ စုပေါင်းနေထိုင်ကြသည့် လပွတ္တာ ၃ မိုင်မြို့သစ်၊ အမှတ် ၄ ရပ်ကွက်တွင် သံဃာတော်များကို ပင့်ဖိတ်ကာ လှူဖွယ်ပစ္စည်းများလှူဒါန်းပြီး ရေစက်ချတရားနာ၍ အမျှအတန်းများ ပေးဝေခဲ့ကြသည်။ 

“နာဂစ်ဖြစ်တာ ၁၁ နှစ်ရှိခဲ့ပေမယ့် ကျမတို့ ဒီအဖြစ်ဆိုးကြီးကို တစ်နေ့မှ မေ့လို့မရခဲ့ပါဘူး။ ဒါကြောင့် နာဂစ်မုန်တိုင်းအတွင်း ကွယ်လွန်ခဲ့ကြတဲ့ ကျမတို့ မိဘဆွေမျိုးတွေအတွက် ရည်စူးပြီး အလှူဒါန ပြုလုပ်ခြင်း ဖြစ်ပါတယ်”ဟု နာဂစ်မုန်တိုင်း အတွင်း အသက်မသေဘဲ ကျန်ရစ်ခဲ့သူ ဒေါ်မှေးက ဧရာဝတီကို ပြောသည်။ 
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးမှာ ၂၀၀၈ ခုနှစ်၊ မေလ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် မြစ်ဝကျွန်းပေါ်ဒေသသို့ ၀င်ရောက် တိုက်ခတ်ခဲ့သည့်အတွက် လူပေါင်း ၁၃၈၀၀၀ ကျော် သေကြေပျောက်ဆုံးခဲ့ပြီး လပွတ္တာမြို့နယ် တစ်ခုတည်းမှာပင် လူဦးရေ ၈ သောင်းကျော် သေဆုံးခဲ့ကြောင်း၊ ပျက်စီးဆုံးရှုံးမှုတန်းဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိခဲ့ပြီး မြန်မာနိုင်ငံသမိုင်းတွင် လူသေကြေပျောက်ဆုံးမှုအများဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အများဆုံး သဘာဝဘေးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 





သတင်းနှင့်ဓာတ်ပုံ - ဆလိုင်းသန့်စင်/ဧရာဝတီ

No comments:

Post a Comment