ကနေဒါအစိုးရက သူတို့နိုင်ငံက တင်ပို့တဲ့ မုံညှင်းဆီတွေကို တရုတ်အစိုးရက ပိတ်ပင်ခဲ့တဲ့အတွက် အခက်ကြုံရတဲ့ ကနေဒါ တောင်သူလယ်သမားတွေကို ထောက်ပံ့တဲ့အနေနဲ့ ချေးငွေတွေ အရင်ကထက် ၂ ဆကျော် တိုးမြှင့်ပေးလိုက် ကြောင်း မနေ့က ကြေညာပါတယ်။
အခု ထုတ်ပြန်ချက်အရ တောင်သူ လယ်သမားတစ်ဦးအနေနဲ့ ကန် ဒေါ်လာ ခုနှစ်သိန်းခွဲနဲ့ညီမျှတဲ့ ကနေဒါ ဒေါ်လာ တစ်သန်းအထိ ချေးငွေရရှိမှာဖြစ်ပြီး အဲဒီ ဒေါ်လာ တစ်သန်းထဲက ငါးသိန်းအတွက် အတိုးလုံးဝ မယူဘူးလို့ဆိုပါတယ်။
ကနေဒါ ကုန်သွယ်ရေးဝန်ကြီး Jim Carr က တရုတ်ပြည်နဲ့ စိန်ခေါ်ရင်ဆိုင်နေရတဲ့ကာလကို ကနေဒါက သတိကြီးကြီးနဲ့ အသေအချာ မဟာဗျူဟာချပြီး ဆက်လက်ကျော်လွှားမှာဖြစ်တယ်လို့ ပြောကြားရင်း တဆက်တည်းမှာပဲ ကနေဒါနိုင်ငံရဲ့ ပြည်ပပို့ကုန် ဈေးကွက်တိုးချဲ့ရေးအတွက် ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတွေကို လာမယ့် ဇွန်လအတွင်း သူသွားရောက်မယ်လို့ ပြောပါတယ်။
ကနေဒါနိုင်ငံက မုံညှင်းဆီစိုက်ပျိုးရေးလုပ်ငန်းမှာ အလုပ်သမား ၂ သိန်းခွဲရှိပြီး တိုင်းပြည်စိုက်ပျိုးရေး ကဏ္ဍရဲ့ ဝင်ငွေ လေးပုံ တစ်ပုံကို ရှာပေးနေတယ်လို့ သိရပါတယ်။ တရုတ်အစိုးရက ကနေဒါနိုင်ငံကနေ တင်ပို့တဲ့ မုံညှင်းဆီတွေမှာ ကျန်းမာရေးထိခိုက်နိုင်တဲ့ ဓါတ်ပစ္စည်းတွေ ပါဝင်တယ်ဆိုပြီး ပိတ်ပင်ခဲ့တာပါ။ ကနေဒါ အစိုးရကတော့ အဲဒီ အချက်ဟာ ဘယ်လိုမှ အခြေအမြစ်မရှိပါဘူးလို့ ပြောပါတယ်။
ကနေဒါနဲ့ တရုတ်နိုင်ငံအကြား ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ဆက်ဆံရေး တင်းမာလာနေပါတယ်။
(ကနေဒါ ကုန်သွယ်ရေးဝန်ကြီး Jim Carr ကို တွေ့ရစဉ်)
Photo: Lars Hagberg / AFP
RFA







0 comments:
Post a Comment