Thursday, May 2, 2019

မူဆယ်ဘက်သို့ နွားများတင်ဆောင်ပြီး မောင်းနှင်လာသည့်ယာဉ်များ တစ်ရက်အတွင်း နှစ်ကြိမ်ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး


ရှမ်းပြည်နယ် (မြောက်ပိုင်း) မန္တလေး -လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် မေ ၁ ရက်ညနေပိုင်းနှင့် ညပိုင်းက နွားများတင်ဆောင်လာသည့်ယာဉ်များ ပစ်ခတ်ခံရမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။ 
နွားများကို စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်အတွင်း စုစည်းပြီးတင်ဆောင်လာသည့် နွားကောင်ရေ ၈၀ အား ယာဉ်လေးစီးဖြင့် ခင်ဦး-မန္တလေး-ပြင်ဦးလွင်-လားရှိုး လမ်းကြောင်းအတိုင်း တင်ဆောင်လာရာ မေ ၁ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က သီပေါမြို့နယ် တွန်ခေါ့ကျေးရွာအနီး မိုင်တိုင် အမှတ် ၁၂၅/၅၂၆ သံလမ်းကူးအကျော်သို့ ရောက်ရှိစဉ် ယာဉ်မောင်း ကိုနုလွင်နှင့် ယာဉ်နောက်လိုက် မျိုးနိုင်တို့လိုက်ပါလာသည့် ၁၂ ဘီးမော်တော်ယာဉ်နောက်မှ Tracker ဆိုင်ကယ်စီးနင်းလာသူနှစ်ဦးသည် နွားတင်ယာဉ်အား ကျော်တက်ပြီး ကား၏ဝဲဘက်ခြမ်းမှ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် ကားမှန်အား ကျည်ဆန်ဖောက်ဝင်ကာ ယာဉ်နောက်လိုက်ဖြစ်သူ မျိုးနိုင် (၂၄ နှစ်) အား ထိမှန်သဖြင့် ဝဲဖက်ပေါင်ဖောက်ဝင် ဒဏ်ရာတစ်ချက်ရရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါဒဏ်ရာရရှိမှုကြောင့် ဖြစ်စဉ်ဖြစ်ပွားသည့်နေရာမှ သီပေါမြို့သို့ ယာဉ်အား အမြန်မောင်းနှင်ကာ ယာဉ်နောက်လိုက် မျိုးနိုင်အား သီပေါဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။ 

အဆိုပါဖြစ်စဉ်အပြီး ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် သီပေါမြို့နယ် ပန်ဆောက်မိန်း ကျေးရွာအုပ်စု ဆွတ်လန်းကျေးရွာအနီးရှိ အလွမ်းလေး စားသောက်ဆိုင်ရှေ့အနီးတွင် ယာဉ်မောင်း ဇာနည်အောင် မောင်းနှင်လာသည့် နွားတင်ယာဉ်မှာ ၎င်းတို့နှင့်အတူ မောင်းနှင်ထွက်ခွာလာသည့် ယာဉ်မောင်း ကိုနုလွင်တို့၏ ယာဉ်ပစ်ခတ်ခံရကြောင်း ဖုန်းသတင်းရရှိသဖြင့် အလွမ်းလေး စားသောက်ဆိုင်တွင် ခေတ္တစောင့်ဆိုင်းနေပြီး ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် သီပေါဘက်သို့ မော်တော်ယာဉ်အား ခေါင်းပြန်လှည့်ရန်အလာ မော်တော်ယာဉ်နားအရောက်တွင် ဆိုင်ကယ်တစ်စီးဖြင့် စောင့်ဆိုင်းနေသည့် လူနှစ်ဦးအနက်တစ်ဦးက သေနတ်ဖြင့် သုံးချက်ပစ်ခတ်ပြီး သီပေါဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။ 

အဆိုပါပစ်ခတ်မှုကြောင့် ရွှေဘိုမြို့တွင် နေထိုင်သူ ကိုဇာနည်အောင် (၃၆ နှစ်) တွင် ဝဲဘက်ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲဘက်ဝမ်းဗိုက်တွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ 

“ဖြစ်စဉ်က နှစ်နေရာ ဖြစ်တာပါ။ ကျောက်မဲဘက်ကလာရင် သီပေါမရောက်ခင် တွန်ခေါ့ကျေးရွာ သံလမ်းကူးနားမှာ အရင်ဖြစ်တာပါ။ အဲဒီဖြစ်စဉ်ပြီးမှ သီပေါအကျော် ဆွတ်လန်းကျေးရွာနားမှာ ထပ်ဖြစ်တာပါ။ တွန်ခေါ့နားမှာ ဖြစ်တာကတော့ ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ပြောတယ်။ ဆွတ်လန်းနားမှာဖြစ် တာကတော့ တစ်ယောက်သေဆုံးပါတယ်” ဟု နယ်စည်းမခြား ပရဟိတလူမှုကူညီရေးအဖွဲ့မှ ကိုမျိုးက ပြောကြားသည်။ 

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ၂၀၁၈ ခုနှစ်အတွင်း ကျွဲနွားများတင်ဆောင်လာသည့်ယာဉ်များ ပစ်ခတ်ခံရမှု မကြာခဏ ဖြစ်ပွားခဲ့ပြီး ၂၀၁၈ ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျောက်မဲမြို့နယ် နောင်ပစ်ကျေးရွာအနီးတွင် တစ်ကြိမ်၊ မတ် ၁၀ ရက်တွင် ကျောက်မဲမြို့နယ် ပင်တိန်ရွာနှင့် လွယ်လမ်းရွာကြားတွင် တစ်ကြိမ်၊ မတ် ၃၁ ရက်တွင် ကျောက်မဲခရိုင် သီပေါမြို့နယ် ကုန်းသားကျေးရွာအုပ်စု ဆီဆုံကျေးရွာအနီးတွင် တစ်ကြိမ်၊ မေ ၈ ရက် တွင် ကျောက်မဲမြို့နယ် မောင်ဖုန်းတောင်အနီးတွင် တစ်ကြိမ်၊ ဇွန် ၁၁ ရက်တွင် ကျောက်မဲမြို့နယ် မန်တန်းကျေးရွာအနီးတွင် တစ်ကြိမ်၊ ဇွန် ၂၈ ရက်တွင် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာနှင့် ပင်တိန်ကျေးရွာကြားတွင် တစ်ကြိမ်၊ စက်တင်ဘာ ၈ ရက်တွင် ကျောက်မဲမြို့နယ် ဗူးခါးကျေးရွာအနီးတွင် တစ်ကြိမ်၊ စက်တင်ဘာ ၂၈ ရက်တွင် ကျောက်မဲမြို့နယ် ဗူးခါးကျေးရွာနှင့် နားခေါ်ကျေးရွာအနီးတွင် တစ်ကြိမ်ပစ်ခတ်ခံရမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

Eleven Media Group

No comments:

Post a Comment