Monday, May 27, 2019

ရန်ကုန်တိုင်းဒေသကြီးတွင် အသက် ၁၅ နှစ် မှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီးတစ်ဦး၏ ကလေးမွေးနှုန်းမှာ ၁ ဒသမ ၇ ဦးနှုန်းရှိပြီး နိုင်ငံ၏ စုစုပေါင်း ကလေးမွေးနှုန်းနှင့် နှိုင်းယှဉ်လျှင် မွေးနှုန်းပိုမိုနိမ့်ကျနေ


ရန်ကုန်တိုင်းဒေသကြီးတွင် အသက် ၁၅ နှစ်မှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီး တစ်ဦး၏ စုစုပေါင်းက လေးမွေးနှုန်းမှာ ၁ ဒသမ ၇ ဦးနှုန်းရှိပြီး နိုင်ငံ၏ စုစုပေါင်း ကလေးမွေးနှုန်းနှင့် နှိုင်းယှဉ်ပါက မွေးနှုန်း ပိုမိုနိမ့်ကျနေကြောင်း ပြည်သူ့အင်အား ဦးစီးဌာနက ထုတ်ဝေသည့် ရန်ကုန်တိုင်းဒေသကြီး သန်းခေါင်စာရင်း အစီရင်ခံစာအရ သိရသည်။ 
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၌ အသက် ၁၅ နှစ်မှ ၄၉ နှစ် အတွင်းရှိ အမျိုးသမီး အရေအတွက် ၂၁၂၄၅၆၀ ရှိသည့်အနက် ၁၂၅၂၉၁၃ ဦးမှာ အိမ်ထောင်ကျဖူးသူ အမျိုးသမီးများဖြစ်ကြောင်း၊ အသက် ၁၅ နှစ်မှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီးတစ်ဦး၏ စုစုပေါင်း ကလေးမွေးနှုန်းမှာ ၁ ဒသမ ၇ ဦးနှုန်း ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ စုစုပေါင်း ကလေးမွေးနှုန်း ၂ ဒသမ ၃ ဦးနှုန်းနှင့် နှိုင်းယှဉ်ပါကမွေးနှုန်း ပိုမိုနိမ့်ကျနေကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။ 
ရန်ကုန်တိုင်းဒေသကြီးတွင် တစ်နှစ်အောက်ကလေး သေနှုန်းမှာ အရှင်မွေးကလေး ၁၀၀၀ လျှင် ၄၄ ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ တစ်နှစ်အောက် ကလေးသေနှုန်း ၆၂ ဦးနှင့် နှိုင်းယှဉ်လျှင် သေနှုန်းပိုမိုနိမ့်ကျသည်ကို တွေ့ရှိရကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ငါးနှစ်အောက် ကလေးသေနှုန်းမှာ အရှင်မွေးကလေး ၁၀၀၀ လျှင် ၅၀ ဖြစ်ပြီး မြန်မာနိုင်ငံ၏ ငါးနှစ်အောက်ကလေး သေနှုန်း ၇၂ ဦးနှင့်နှိုင်းယှဉ်လျှင် သေနှုန်း ပိုမိုနိမ့်ကျနေကြောင်း သိရသည်။ 
“မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ် က စပြီး ကလေးသေဆုံးမှုစောင့်ကြပ် လေ့လာခြင်းနဲ့တုံ့ပြန်ဆောင်ရွက် ရေး စနစ် ပြောင်းလဲဆောင်ရွက်ခဲ့တဲ့ အတွက် အသက်ငါးနှစ်အောက် ကလေး သေဆုံးနှုန်းဟာ ၂၀၁၀ ခုနှစ်တုန်းက ကလေးအရှင်မွေး ၁၀၀၀ မှာ ၅၉ ယောက်နှုန်းရှိရာ ကနေ ၂၀၁၇ ခုနှစ်မှာ ၄၉ ယောက် နှုန်းပဲ သေဆုံးပါတယ်။ တစ်နှစ် အောက်ကလေး သေနှုန်းက ၂၀၁၀ ခုနှစ်တုန်းက အရှင်မွေးကလေး ၁၀၀၀ မှာ ၄၆ ယောက်နှုန်း ရှိရာကနေ ၂၀၁၇ ခုနှစ်မှာ ၃၀ နှုန်းပဲရှိပါ တော့တယ်။ အလားတူ မွေးကင်းစ ကလေးသေနှုန်းက ၂၀၁၀ ခုနှစ် မှာ အရှင်မွေးကလေး ၁၀၀၀ မှာ ၃၀ ယောက်နှုန်းရှိရာကနေ အခု ၂၄ ယောက်နှုန်းအထိ လျော့ကျသွား တာကို တွေ့ရပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။ 
ရန်ကုန်တိုင်းဒေသကြီး သန်းခေါင်စာရင်း အစီရင်ခံစာအရ ရန်ကုန်တိုင်းဒေသကြီးတွင် လူ ၁၀၀ လျှင် ၇၀ သည် မြို့ပြဒေသတွင် နေထိုင်ကြပြီး ၃၀ သည် ကျေးလက်ဒေသတွင် နေထိုင်ကြကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူ ရာခိုင်နှုန်း ၇၀ ရှိပြီး မြို့ပြဒေသ၌ နေထိုင်သူ ရာခိုင်နှုန်း ၃၀ ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၏ မြို့ပြတွင်နေထိုင်သူ ဦးရေသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမြင့်မားဆုံးဖြစ်ပြီး ဒုတိယ အများဆုံးဖြစ်သည့် ကချင်ပြည်နယ်ထက် နှစ်ဆခန့် များပြားသည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။ 
ရန်ကုန်တိုင်းဒေသကြီး၏ လူဦးရေ အရေအတွက် များပြားခြင်း၊ သိပ်သည်းဆ မြင့်မားခြင်းနှင့် မြို့ပြလူဦးရေ အချိုးအစား မြင့်မားခြင်းတို့သည် အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ အလုပ်အကိုင်နှင့် လူမှုစီးပွားရေး အခွင့်အလမ်းများအတွက် ရန်ကုန်မြို့သို့ ပြောင်းရွှေ့လာမှုများကြောင့် ဖြစ်နိုင်ကြောင်း၊ လူဦးရေများပြား၍ ဖြစ်ပေါ်လာနိုင်သည့် အလုပ်လက်မဲ့ ပြဿနာ၊ အိမ်ရာပြဿနာ၊ ပတ်ဝန်းကျင်သန့်ရှင်းမှု ပြဿနာ၊ လူဦးရေ ထူထပ်မှု၊ အကြမ်းဖက်မှုများနှင့် အထွေထွေ ဒုစရိုက်မှုများ၊ လေထုညစ်ညမ်းမှု၊ သယ်ယူပို့ဆောင်ရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် မူဝါဒများ၊ ဖွံ့ဖြိုးမှုဆိုင်ရာ အစီအစဉ်များ အရေးပေါ်ချမှတ်ရန် လိုအပ်ကြောင်း တွေ့ရှိရသည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။ 

Eleven Media Group 


0 comments:

Post a Comment