Monday, May 27, 2019

မွေးချင်းများရှိပါက နယ်မြေကျော် ကျောင်းအပ်နှံခြင်းအား ခွင့်ပြုရန် ကျောင်းသားမိဘ ၂၀ ကျော်မှ ရန်ကုန်တိုင်း ပညာရေးမှူးရုံးထံ စာတင် တောင်းဆို


နယ်မြေကျော် ကျောင်းအပ်လက်ခံခြင်း မပြုသော်လည်း မွေးချင်းများရှိပါက ကျောင်းအပ်ခွင့် ပြုရန် ကျောင်းသားမိဘ ၂၀ ခန့်က ရန်ကုန်တိုင်း ပညာရေးမှူးရုံးသို့ စာပေးပို့ တောင်းဆိုထားကြောင်း သိရသည်။ 
အ.ထ.က (၂) ကမာရွတ် ကျောင်းတွင် မွေးချင်း ညီအစ်ကိုမောင်နှမများ ရှိသော်လည်း သူငယ်တန်း ကျောင်းအပ်နှံခွင့် မရရှိသောကြောင့် ယခုလို စာတင် တောင်းဆိုရခြင်း ဖြစ်ကြောင်း သိရသည်။ ၎င်းတို့သည် နယ်မြေ ကျော်နေသောကြောင့် ယခုလို ကျောင်းအပ်ခွင့် မရရှိခြင်း ဖြစ်သည်။ 
ထို့ကြောင့် ကျောင်းသား မိဘများက မြို့နယ် ပညာရေးမှူးရုံးထံ သွား၍ နယ်မြေ ကျော်နေသော်လည်း မွေးချင်း မောင်နှမများ ရှိပါက ကျောင်းအပ်ခွင့် ပေးရန် သွားရောက် တောင်းဆိုခဲ့ကြောင်း ကျောင်းသားမိဘ တစ်ဦးဖြစ်သည့် ဦးကံစိန်က ပြောကြားသည်။ 
“စာတင်ခိုင်းတယ်။ စာတင်ခိုင်းတော့ ၁၅ ရက်ကြာမယ်လို့ ပြောတယ်။ Cabinet ကို တင်ရမယ်၊ ဘုတ်အဖွဲ့ကို တင်ရမယ်၊ မူ ပြန်စွဲရမယ် ဆိုပြီး ပြောတယ်” ဟု ကျောင်းသားမိဘ ဦးကံစိန်က ရန်ကုန်တိုင်း ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ၎င်းတို့ကို ပြောကြားခြင်းအား ပြန်လည် ပြောပြသည်။ 
ရန်ကုန်ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်းတွင်သာ လက်ရှိ ကျောင်းတက်ဆဲ ညီအစ်ကို မောင်နှမ အရင်းအချာရှိသူများ ကျောင်းအပ်နှံခွင့် ရရှိပြီး အခြားကျောင်းများတွင် ယင်းကဲ့သို့ မရရှိကြောင်း သိရသည်။ 
“တီတီစီလို ကျောင်းမျိုးတောင် ရပြီးတော့ တခြားကျောင်းတွေက ဘာလို့မရလဲ။ မိဘတွေ အခက်အခဲက အကြီး ဒီကျောင်းပို့၊ အငယ်က ရပ်ကွက်က ကျောင်းပို့ဆိုရင် မိဘတွေက ဟိုဘက်ကျောင်းရော ဒီဘက်ကျောင်းရောဆိုရင် အလုပ်အကိုင် တစ်ဖက်တွေနဲ့ အကြိုအပို့ကို ဘယ်လိုပုံစံနဲ့ သွားလုပ်ရမလဲ” ဟု ကျောင်းသားမိဘ တစ်ဦးဖြစ်သည့် ဦးအောင်လေးက ပြောကြားသည်။ 
စာတင်ပြီး ကျောင်းအပ်နှံခွင့် ရ မရကို ၁၅ ရက် စောင့်ဆိုင်းရမည် ဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် ကလေးများ ကျောင်းဖွင့်ချိန်တွင် ကျောင်းမတက်ရမည်ကို စိုးရိမ်ပူပန်နေကြောင်း ကျောင်းသားမိဘများက ဆိုသည်။ 
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မေ ၂၅ ရက်မှစ၍ ကျောင်းအပ်နှံနိုင်ပြီး ဇွန် ၃ ရက်၌ စာသင်ကျောင်းများ စတင် ဖွင့်လှစ်မည် ဖြစ်သည်။ 
ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းများ၏ ကျောင်းနယ်မြေ (School Catchment Area) ကို မြို့နယ်၊ ရပ်ကွက် တည်နေရာအလိုက် သတ်မှတ်ထားပြီး ယင်းကျောင်း တည်ရှိရာ ရပ်ကွက်မှ ကျောင်းသူ ကျောင်းသားများသည် အခြားမြို့နယ်ရှိ ကျောင်းများသို့ နယ်ကျော် ကျောင်းအပ်နှံခြင်း မပြုလုပ်ရတော့ဘဲ ၎င်းတို့ နေထိုင်ရာ ရပ်ကွက်အတွင်းရှိ ကျောင်းမှာသာ အပ်နှံရတော့မည် ဖြစ်သည်။ 
ယခု ပညာသင်နှစ်တွင် နယ်မြေကျော် ကျောင်းအပ်နှံမှု မရှိအောင် ကျောင်းသူ ကျောင်းသားများ၏ သန်းခေါင်စာရင်းကို စစ်ဆေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ပညာရေးမှူးရုံးမှ သိရသည်။ 

Eleven Media Group 

0 comments:

Post a Comment