Monday, May 27, 2019

မန္တလေးကျုံးဘေးက ထီသည်များကို တရားဝင်ရောင်းချခွင့်လိုင်စင် ချပေးမည်


မန္တလေးကျုံးအနောက်ဘက်နဲ့ ကျုံးတောင်ဘက် လူသွားလမ်းဘေးမှာ အောင်ဘာလေထီရောင်းချ နေသူတွေကို တရားဝင်ရောင်းချခွင့်လိုင်စင် ထုတ်ပေးမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ပြောပါတယ်။ 
လိုင်စင်စည်းကမ်းအရ လကုန်ခါနီး ငါးရက်ခန့်အလိုကနေ စတင်ရောင်းချခွင့်ပေးမှာဖြစ်ပြီး သယ်ယူရောင်းချတဲ့ ယာဉ်ပေါ်မူတည်ကာ လိုင်စင်ကြေးသတ်မှတ်ထားကြောင်းနဲ့ ယာဉ်ရပ်နားခွင့် ပြုထားတဲ့နေရာတွေမှာသာ စနစ်တကျရောင်းချရမှာဖြစ်တယ်လို့ မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ 

ကျုံးနံဘေးမှာ ထီရောင်းချသူတွေအနေနဲ့ အရင်နှစ်ပေါင်းများစွာကတည်းက ရောင်းချခဲ့ ကြတာဖြစ်ပြီး ရောင်းချသူ တဖြည်းဖြည်းများပြားလာတာနဲ့အမျှ ထီရောင်းချသူတွေကိုယ်တိုင်က လိုင်စင်နဲ့ တရားဝင်ရောင်းချခွင့် တောင်းဆိုလာကြတာလို့လည်း သိရပါတယ်။ 

ထီရောင်းချခွင့်အတွက် လိုင်စင်နဲ့ တရားဝင်ရောင်းချခွင့်ပြုတာဟာ ကောင်းမွန်ပေမယ့် ထီရောင်းသူတွေ တတ်နိုင်တဲ့ လိုင်စင်ကြေးနှုန်းထားမျိုးကို သတ်မှတ်ပေးစေချင်တယ်လို့ ထီရောင်းချသူ ဒေါ်ခင်မာကြည်က ပြောပါတယ်။ 

ကျုံးဘေးမှာ ထီရောင်းချသူတွေထဲက တချို့ဟာ နယ်ကနေ တက်လာပြီး လုပ်ကိုင်ကြ သူတွေလည်းရှိကာ ရေရှည်ရပ်တည်ဖို့ ခက်ခဲတဲ့အတွက် ထီ ဆက်လက်မရောင်းချနိုင်တော့တဲ့ သူတွေလည်း ရှိတယ်လို့ ထီရောင်းချသူ ဦးတိုးက ပြောပါတယ်။ 

အရင်က ကျုံးနံဘေး ထီရောင်းတဲ့အခါမှာ စည်ပင်ရဲ့ ဖမ်းဆီးမှုတွေ ရှိခဲ့ပြီး အနည်းဆုံး ဒဏ်ငွေ ကျပ် ၃၀၀၀၀ အထိ ဒဏ်ကြေးပေးဆောင်ရတာတွေရှိတယ်လို့ ထီရောင်းချသူ တချို့က ပြောပါတယ်။ 

ထီရောင်းချခွင့်လိုင်စင် ပြုလုပ်လိုပါက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံ စတင်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ 

သတင်း- ထိန်ထိန်လင်း
DVB

0 comments:

Post a Comment