Tuesday, May 28, 2019

ထရမ့်သည် ဂျပန်ဘုရင်အသစ်နှင့် ပထမဆုံးတွေ့ဆုံသူ ပြည်ပခေါင်းဆောင် ဖြစ်လာ


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဂျပန်ဧကရာဇ် နာရူဟီတိုနှင့် တနင်္လာနေ့က တွေ့ဆုံခဲ့ရာပူပူနွေးနွေး ဘုရင်သစ်နှင့် ပထမဆုံးတွေ့ဆုံသူ ပြည်ပခေါင်းဆောင် ဖြစ်လာခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။ 
နံနက်ခင်းတွင် ဧကရာဇ်နန်းတော်၌ တွေ့ဆုံခဲ့ပြီးညပိုင်းတွင် တော်ဝင်ညစာ စားပွဲ၌ ပါဝင်ခဲ့သော ထရမ့်၏ အစီအစဉ်များသည် စနေနေ့က စတင်ခဲ့သော လာခြင်းကောင်းသည့် ဂျပန်ခရီးစဉ်၏ အဓိက အစီအစဉ်တစ်ခုဖြစ်ခဲ့သည်။ 
တနင်္ဂနွေနေ့က တိုကျို အသားကင် စားသောက်ဆိုင်တွင် အာဘေးနှင့်အတူ မောင်နှံစုံ ညစာသုံးဆောင်ခဲ့သော ထရမ့်က နှစ်ပေါင်း ၂၀၀ ကျော် သက်တမ်းရှိခဲ့သော ဂျပန်နန်းဆက် အမွေဆက်ခံသူနှင့် မနက်ဖြန်တွင် အမေရိကန်ပြည်ထောင်စု ကိုယ်စားပြု တွေ့ဆုံရမည့် အစီအစဉ်အတွက် လွန်စွာဝမ်းမြောက် ဂုဏ်ယူကြောင်း ပြောကြားသည်။ 
သမ္မတထရမ့်သည် တနင်္လာနေ့ နံနက်တွင် ဘုရင်နှင့်တွေ့ဆုံပြီးနောက် ဝန်ကြီးချုပ် အာဘေးနှင့်အတူ နေ့လယ်စာ သုံးဆောင်ရင်း ထိပ်သီးဆွေးနွေးပွဲအတွက် စကားပြောဆိုကာ ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပမည်ဖြစ်သည်။ 
ထရမ့်၏ စိတ်လက်ပေါ့ပါးရွှင်ပျသော ခံစားမှုများသည် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စစ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများအတွက် ကောင်းသောအလားအလာ ဖြစ်လာရန် ဝန်ကြီးချုပ်အာဘေးက မျှော်လင့်လျက်ရှိသည်။ 
ထရမ့်သည် တိုကျိုနှင့် ဟန်ချက်မျှသော ကုန်သွယ်မှုဖြစ်ရန် လိုလားနေသော်လည်း ညှိနှိုင်းမှုအများစုကို အာဘေးအတွက် အရေးပါသည့် အထက်လွှတ်တော် ရွေးကောက်ပွဲများ ကျင်းပပြီးစီးမည့် ဇူလိုင်လအထိ စောင့်ဆိုင်းဖွယ်ရှိသည်ဟု သဘောထားပျော့ပျောင်းမှုကို ပြသထားသည်။ 
ထို့ပြင် ထရမ့်သည် အဓိကပြိုင်ဘက် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲ အကြိတ်အနယ်နွှဲနေချိန်မျိုးတွင် အရင်းနှီးဆုံး အာရှမဟာမိတ် ဂျပန်နိုင်ငံအား ရိုက်ပုတ်ရန် လိုလားမည်မဟုတ်ပေ။ 
ဂျပန်နှင့် အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်များသည် စနေနေ့ညက နှစ်နာရီကြာ ဆွေးနွေးခဲ့ကြသော်လည်း တိုးတက်မှုရလဒ် တစ်စုံတစ်ရာမရခဲ့ကြပေ။ 
သမ္မတထရမ့်သည် အင်္ဂါနေ့တွင် ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းရှိအမေရိကန် စစ်စခန်းကိစ္စကို ဆွေးနွေးမည်ဖြစ်ပြီး မဟာမိတ် ဂျပန်နိုင်ငံသို့ နောက်ဆုံးပေါ် F 35 အဆင့်မြင့် တိုက်လေယာဉ်များ ရောင်းချပေးရေးကိစ္စလည်း ပါဝင်မည်ဟု သိရှိရသည်။ 
သမ္မတထရမ့်သည် ဂျပန်နိုင်ငံသို့ ခရီးရောက်မဆိုက်မှာပင် ဒေသတွင်း အရေးကိစ္စတစ်ခုဖြစ်သည့် မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မှုများသည် အသေးအမွှားဖြစ်သောကြောင့် စိုးရိမ်မှုမရှိကြောင်းနှင့် ခေါင်းဆောင်ကင်၏ ကတိကဝတ်ကို ယုံကြည်စိတ်ချမှုရှိကြောင်း twitter တွင် ပြောဆိုခဲ့သည်။

The Voice

0 comments:

Post a Comment