(၂၀၁၈) ခုနှစ် အောက်တိုဘာလက ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြို့တည်နန်းတည် လေးမျက်နှာဘုရား ပုထိုးတော်ကြီးထဲက ကျောက်ဆင်းတုတော်ဘုရားတွေကို ဖျက်ဆီးတဲ့တရားခံကို ဒီနေ့အထိ မဖမ်းမိသေးဘူးလို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကြည်မင်းရဲ့ပြောကြားချက်အရ သိရပါတယ်။
မေ(၂၇) ရက်ကကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ရခိုင်ပြည်နယ်၊ အမှတ်(၄) မဲဆန္ဒနယ်အမတ် ဦးကျော်ကျော်ရဲ့ လေးမျက်နှာဘုရား ပုထိုးတော်ကြီးထဲရှိ ကျောက်ဆင်းတုတော် ဘုရားတွေ ဖျက်ဆီးခံရတဲ့ကိစ္စ ကြယ်ပွင့်ပြမေးခွန်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဒုတိယဝန်ကြီး ဦးကြည်မင်းက လာရောက်ဖြေကြား ခဲ့တာဖြစ်ပါတယ်။
ပုထိုးတော်ကြီးထဲရှိ ကျောက်ဆင်းတုတော်ဘုရားတွေ ဖျက်ဆီး ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက မြောက်ဦးမြို့မ ရဲစခန်းမှာ (၂၀၁၈)ခုနှစ်၊ အောက်တိုဘာ (၁၈)ရက်မှာ အမှုဖွင့်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် လက်ရှိအချိန်အထိ တရားခံကိုဖမ်းမမိသေးဘဲ ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်နေတယ်လို့သာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအနေနဲ့ မြောက်ဦးဌာနခွဲမှာ ယဉ်ကျေးမှု အမွေအနှစ်တွေကို ပိုမိုကာကွယ်ထိန်သိမ်းဖို့ဆိုပြီး (၂၀၁၉) ခုနှစ် ဇန်နဝါရီကစတင်ကာ နေစား၊ ပုတ်ပြတ် အမျိုးသားဝန်ထမ်း(၈)ဦးနဲ့ နေ့၊ ည လုံခြုံရေးချထားဆောင်ရွက် နေတယ်လို့လည်း ဒုဝန်ကြီးကပြောပါတယ်။
One News Myanmar










0 comments:
Post a Comment