ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လိပ်ရ(မြောက်)ကျေးရွာမှာ အာဆာ အကြမ်းဖက် အဖွဲ့ဝင်တဦးကို ဖမ်းဆီးရမိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းမှာ အာဆာ အကြမ်းဖက် သင်တန်းဆင်းတွေ နေထိုင်နေတယ်လို့ ပြည်ထဲရေးဌာနက ထုတ်ပြန်ပါတယ်။
မေလ ၂၃ ရက်မနက် ၁၀ နာရီ ၄၅ မိနစ်လောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်ရှိ ဆာမားကူဒုက္ခသည်စခန်းကနေ တရားမ၀င်နယ်စပ် ဖြတ်ကျော်ဝင်ရောက်လာတဲ့ အာဆာ အကြမ်းဖက်အဖွဲ့ဝင် မာမွတ်ဟာရှင်း(ခ) ဟာရှင်း မူလ္လာ(၂၂)နှစ်ကို ဖမ်းဆီးရမိခဲ့တာပါ။
မာမွတ်ဟာရှင်းဟာ မောင်တောမြို့နယ်၊ ကျီးကန်းပြင်(တောင်)ရွာမှာ နေထိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ရက်မှာ မိဘတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်ရှိ ဆာမားကူဒုက္ခသည်စခန်းသို့ တိမ်းရှောင်ထွက်ပြေးခဲ့ပြီးနောက် ကော့ဘဇားမြို့မှာ သုံးဘီးဆိုင်ကယ် ခေတ္တမောင်းနှင်နေခဲ့တယ်လို့ ဆိုပါတယ်။
ဆာမားကူဒုက္ခသည်စခန်းထဲမှ အာဆာတာဝန်ခံ မာဂျူဟာရ်(၃၅)နှစ်က စည်းရုံးပြီးလူသစ် စုဆောင်းခဲ့လို့ ၂၀၁၈ ခုနှစ်ဆန်းပိုင်းမှာ အာဆာအဖွဲ့သို့ဝင်ရောက်ခဲ့ကာ တခြားသူ ၅၀ ဦးနဲ့ အတူ အကြမ်းဖက်သင်တန်း ၁ လ သင်တန်း တက်ရောက်ခဲ့တယ်လို့ မာမွတ်ဟာရှင်းက ထွက်ဆိုပါတယ်။
ဆာမားကူဒုက္ခသည်စခန်းမှာ သူအပါအ၀င် အာဆာကပေးတဲ့ အကြမ်းဖက်သင်တန်းဆင်းပြီးသူ ၄၀ လောက် နေထိုင်နေကြတယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးရမိခဲ့သူ မာမွတ်ဟာရှင်းကို ကြိမ်ချောင်းနယ်မြေရဲစခန်းက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေး သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ-MOH
DVB







0 comments:
Post a Comment