Tuesday, May 28, 2019

WHO မှ ချီးမြှင့်သည့် Dr. LEE Jong-wook memorial prize for Public Health (2019) ကို ကျန်းမာရေး အဆင့်မြှင့်တင်ရေးဌာနခွဲမှ ရရှိ


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ချီးမြှင့်သည့် ချီးမြှင့်သည့် Dr. LEE Jong-wook memorial prize for Public Health (2019)ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးအဆင့်မြှင့်တင်ရေးဌာနခွဲမှ ရရှိခဲ့ကြောင်း ယင်းဝန်ကြီးဌာနက မေ ၂၇ ရက်တွင် ထုတ်ပြန်သည်။ 
မေ ၂၄ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပသည့် ၇၂ ကြိမ်မြောက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညီလာခံတွင် Dr. LEE Jong-wook memorial prize for Public Health (2019)ကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျန်းမာရေး အဆင့်မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသံလွင်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာနန်းနိုင်နိုင်ရှိန်နှင့် ဒုတိယညွှန်ကြားရေးမှူးဒေါက်တာငြိမ်းအေးထွန်းတို့မှ ဆုကိုလက်ခံရယူခဲ့ကြကြောင်း သိရသည်။ 
မြန်မာနိုင်ငံတွင် ကူးစက်တတ်သောရောဂါများအပြင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွား သေဆုံးမှုများပြားလာခြင်းကို ဖြေရှင်းနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် နိုင်ငံ၏ လူဦးရေ ၇၀% ဖြစ်သော ကျေးလက်နေပြည်သူများအား သွေးတိုးနှင့် ဆီးချိုရောဂါများစစ်ဆေးကုသပေးခြင်း၊ သက်ကြီးရွယ်အို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း လုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဌာနများနှင့် ဒေသန္တရကျန်းမာရေးဌာနများတွင် အခြေပြု၍လည်းကောင်း၊ ဝေးလံခက်ခဲဒေသများသို့ အခြေခံကျန်းမာရေး ဝန်ထမ်းများကိုယ်တိုင် ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုပေးအပ်နိုင်ရန်လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ညွှန်းပို့ရန်လိုအပ် သည့်လူနာများကို အထက်အဆင့်ဆင့်ဖြစ်သော ကျန်းမာရေးဌာနများသို့ ပိုမိုထိရောက်စွာ ညွှန်းပို့နိုင်ရန်အတွက် ပြည်သူလူထု အခြေပြုကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း (သွေးတိုးဆီးချို စစ်ဆေးကုသရေး ဆေးခန်း)များကို ၂၀၁၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ရာ ယခုအခါ တစ်နိုင်ငံလုံးရှိ ကျေးလက်ကျန်းမာရေးဌာနပေါင်း ၁၈၄၉ ခုရှိသည့်အနက် ၅၆၀ ခုတွင် ကျယ်ပြန့်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ယင်းဆုကို ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 
ယင်းဆုကို ယှဉ်ပြိုင်လျှောက်ထားသည့် နိုင်ငံများအနက် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးတွဲရရှိခဲ့ခြင်းဖြစ်ပြီး ဆုတံဆိပ်နှင့် အတူ ဆုချီးမြှင့်ငွေ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ကိုပါ ရရှိခဲ့ကြောင်း၊ ဆုပေးပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။ 




မင်းထင်
News Watch 

0 comments:

Post a Comment