တည်ဆောက်ပြီး ၈ လအကြာတွင် ပျက်စီးသွားခဲ့သည့် ကချင်ပြည်နယ် ဆော့လော် မြို့နယ်ထဲမှ ရေတားတမံကိစ္စနှင့် ပါတ်သတ်၍ သက်ဆိုင်သူများအား ပြင်းထန်စွာအရေးသင့်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးက ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးကာ တိုက်တွန် ခဲ့သော်လည်း သဘာဝဘေးကြောင့် ပျက်စီးသည်သာဖြစ်၍ အရေးမယူနိုင်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြန်ဖြေခဲ့သည်။
ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးက ဆော့လော်မြို့နယ်၊ လန်ဆယ် ကျေးရွာအုပ်စု၊ လန်ဆယ်ရွာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်၌ တည်ဆောက်ခဲ့သော ရေတား တမံမှာ တည်ဆောက်ပြီးစီးပြီး (၈) လကျော်ခန့်အကြာ၌ ပျက်စီးနေပါသဖြင့် တည်ဆောက်ခဲ့သည့် ကုမ္ပဏီနှင့် ရေတားတမံပြီးစီးကြောင်း အရည်အသွေးစစ်ဆေးခဲ့သည့် ကော်မတီအဖွဲ့ဝင်များအား နိုင်ငံတော်အစိုးရအနေဖြင့် ပြင်းထန်စွာ အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ နှင့် စီမံကိန်းလုပ်ငန်းအား တင်ဒါစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက် ခဲ့ခြင်း ရှိ၊ မရှိ သိလိုခြင်း တို့နှင့်စပ်လျဉ်းသည့် မေးခွန်းကို မေးခဲ့သည်။
ယင်းမြေသားတမံမှာ ငွေကျပ် သန်း၄၀၀ နီးပါးဖြင့် ဆောက်ရွက်ခဲ့သည့် တမံဖြစ်သည်။
မေးခွန်းမေးသူက ပျက်စီးနေသည့် မြေတားတမံ အနေအထားတို့ကို ဓါတ်ပုံမှတ်တမ်းနှင့် တကွ တင်ပြင်ကာ မေးခွန်းထုတ်ပြီး သက်ဆိုင်သူတို့ကို အရေးယူသင့်ကြောင်းပြောဆိုခဲ့သည်။
ဒုတိယ၀န်ကြီးက စစ်ဆေးချက်အရ သဘာဝဘေးကြောင့် ပျက်စီးရသည်ဟု ဖြေကာ၊သဘာဝဘေးကြောင့် ထိုတစ်ခုထဲ မဟုတ်ဘဲ ကျန် တံတား၊မြေသား တမံအချို့ ပါ ပျက်စီးခဲ့သည်ဟု ပြောဆိုခဲ့သည်။
သို့သော်လည်း မေးခွန်းမေးသူက ဒုတိယ၀န်ကြီး၏ ဖြေကြားမှုကို လက်မခံနိုင်သည့်အတွက် အောက်ခြေက ရေးတင်သည်ကို အမှန်ဟု မထင်စေလိုကြောင်းနှင့် စရိတ်စကခံကာ ခေါ်သွားရမလို ဖြစ်နေသည်ဟု ဆက်စပ်မေးခွန်းမေးကာ ပြန်လည် တုန့်ပြန်ခဲ့သည်။
ထို့ကြောင့် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆော့လော်မြို့နယ်၊ လန်ဆယ် ကျေးရွာ အုပ်စု၊ လန်ဆယ်ရွာမှ ရေတားတမံကိစ္စကို အဖွဲ့ဖွဲ့ကာ စစ်ဆေးပေးမည်ဟု ပြည်သူ့လွှတ်တော်ကို ကတိပြုသွားခဲ့ကြောင်း သိရသည်။

NW(iseemedia)

No comments:
Post a Comment