အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုဟာ ညွန့်ပေါင်းအစိုးရဖွဲ့ရေး ဆွေးနွေးပွဲတွေ မတိုးသာမဆုတ်သာ ဖြစ်နေတဲ့ အနေအထားကို ကျော်လွှားနိုင်ရေး နောက်ဆုံး အားထုတ် ကြိုးပမ်းနေတယ်လို့ မေလ ၂၆ ရက်က ပြောပါတယ်။
အစ္စရေး အခြေခံဥပဒေအရ ရွေးကောက်ခံပါတီတွေ အစိုးရဖွဲ့ရမယ့် နောက်ဆုံး သတ်မှတ်ရက်ဟာ မေလ ၂၉ ရက်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေတည်းက အာဏာရခဲ့တဲ့ နေတန်ယာဟုဟာ ငါးကြိမ်မြောက် ဝန်ကြီးချုပ်အဖြစ် အစိုးရဖွဲ့ရာမှာ သဘောတူညီချက်ရရေး မထင်မှတ်ထားလောက်အောင် ရုန်းကန်နေရတယ်လို့ မီဒီယာတွေက ထုတ်ပြန်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ အကွဲအပြဲဖြစ်နေတဲ့ လက်ယာစွန်း အမျိုးသားရေးပါတီ ၂ ပါတီကြား သဘောထားကွဲလွဲမှုကြောင့် ညွန့်ပေါင်းဆွေးနွေးပွဲတွေ ရပ်တန့်နေတာပါ။
အစွန်းရောက် အော့သိုဒေါ့ခ်စ် ကျမ်းစာသင်ကျောင်းက စာသင်သား အမျိုးသားတွေဟာ ကျန်တဲ့ အစ္စရေးနိုင်ငံသား ဂျူးလူမျိုးတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို မျှဝေရမယ်၊ ခြွင်းချက်မပေးနိုင်ဘူးလို့ ကာကွယ်ရေးဝန်ကြီးဟောင်း လစ်ဘာမန်းက ပြောထားတာပါ။
အစွန်းရောက် အော့သိုဒေါ့ခ်စ် ပါတီတွေကတော့ အစ္စရေးနိုင်ငံ စတည်ထောင်တဲ့ ၁၉၄၈ ခုနှစ်တည်းက ရနေကျအခွင့်အရေးဖြစ်တဲ့အတိုင်း ကျမ်းစာသင်ကျောင်းသားတွေဟာ ဥပဒေအရ စစ်မှုထမ်းခြင်းကနေ ကင်းလွတ်ခွင့် ရသင့်တယ်လို့ ပြောပါတယ်။
တကယ်လို့ ရွေးကောက်ပွဲမဲရလဒ် ကြေညာအပြီး ၄၂ ရက်အတွင်း အစိုးရမဖွဲ့နိုင်ခဲ့ရင် သမ္မတက နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးအကြံယူပြီး လုပ်ငန်းစဉ်ကို တခြား လွှတ်တော်အမတ်ကို တာဝန်ပေးနိုင်ပါတယ်။
DVB







0 comments:
Post a Comment