မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ ဝန်ထမ်းခေါ်ယူမှုတွင် အလုပ်ရမည်ဟု ပြောဆိုကာ ငွေကြေးတောင်းခံသူ (၇) ဦးအနက် ဝန်ထမ်း (၁) ဦးကို ထုတ်ပယ်၍ ကျန်သူများကို အသီးသီးအရေးယူထားကြောင်း သိရသည် ။
စည်ပင်သာယာဝန်ထမ်းခေါ်ယူရာတွင် လျှောက်လွှာတင်ပေးသည့် အနေဖြင့် တစ်သိန်းကျပ် ၊ အလုပ်ရခဲ့လျှင် ၃ သိန်းကျပ် နှင့် ၅ သိန်းကျပ် ပေးရမည်ဟု အသီးသီးတောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး ထိုသို့တောင်းဆိုရာတွင် ပြင်ပလူပုဂ္ဂိုလ် (၅) ဦး နှင့် စည်ပင်သာယာ မှ ဝန်ထမ်း (၂) ဦးဖြစ်ကြောင်း သိရသည် ။
ငွေကြေးတောင်းခံခဲ့သည့် မန္တလေးမြို့တော် စည်ပင်သာယာ ဝန်ထမ်း စာရေး အဆင့်(၁) အမျိုးသမီး ကို အလုပ်မှ ထုတ်ပယ်ခဲ့ပြီး စည်ပင်ရဲ တစ်ဦးအား ရဲစည်းကမ်းထိန်းသိမ်းရေးဖြင့် အရေးယူရန် ဆောင်ရွက်နေကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင် က ပြောသည် ။
``စည်ပင်ဝန်ထမ်းမဟုတ်တဲ့ သူငါးဦးကို တောင်းထားတဲ့ ပိုက်ဆံတွေ ပြန်ပေးဖို့ ပြောထားတယ် ။ ပြန်ပေးပြီးရင်လည်း ပေးပြီးကြောင်း အထောက်အထားတက်ပြဖို့ ပြောထားပါတယ် ။´´ ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင် က ဆက်လက် ပြောသည် ။
မန္တလေးမြို့တော်စည်ပင်သာယာတွင် အရည်အချင်းပြည့်ဝသူများကို ခန့်အပ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာ ဖြစ်ရေးအတွက် ဝန်ထမ်းခေါ်ယူရာတွင် သတင်းစာများက တစ်ဆင့်ခေါ်ယူပြီး လျှောက်လွှာများကိုလည်း အခမဲ့တောင်းယူ လျှောက်ထားနိုင်ရန်ဆောင်ရွက်ထားကြောင်း သိရသည် ။
ငွေကြေးတောင်းခံသူများအနေဖြင့် မိတ္ထီလာ၊ မြင်းခြံ၊ တောင်သာ၊ ညောင်ဦး စသည့်နယ်များသို့ ဆင်း၍ စည်ပင်သာယာတွင် အလုပ်ရမည်ဟုဆိုကာ ငွေတောင်းခြင်းဖြစ်ကြောင်း သိရသည် ။
The Fifth Wave News







0 comments:
Post a Comment