ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၈ ရပ်ကွက်ရှိ အများပြည်သူသုံးသောက်သုံးရေကန်မှာ ဆောက်လုပ်ရေးကုမ္ပဏီတခု၏ စွန့်ပစ်အမှိုက်များကြောင့် ပျက်စီးနေကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
အဆိုပါရပ်ကွက် နဝရတ် ၈ လမ်းနှင့် ဇီဇဝါလမ်းကြားရှိ အောင်မင်္ဂလာအများသုံးရေကန်မှာ အနီးရှိဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှ အမှိုက်နှင့်ဘိလပ်မြေအမှုန်များစွန့်ပစ်မှုကြောင့် ရေမျက်နှာပြင်တွင် အဆီများဝေ့တက်နေပြီး ရေကန်အတွင်းရှိ ကြာပင်များသေဆုံးကာ ရေမှာသောက် သုံးမရတော့ခြင်းကြောင့် ရပ်ကွက်နေပြည်သူများသောက်သုံးရေအခက်အခဲကြုံတွေ့နေရပြီး ကန်ပျက်စီးသည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း နဝရက် (၈) လမ်းဆယ်အိမ်မှူးဦးဆန်းနိုင်ဦးက News Watch သို့ပြောသည်။
''ဘိလပ်မြေလောင်းရင် ဓာတုပစ္စည်းတွေကပါပြီလေ။ အဲဒီအရည်တွေ၊ ဘိလပ်မြေအမှုန့်တွေ ဒီသောက်ရေကန် ထဲကို ချတယ်။ ဒီရပ်ကွက်ကလူတွေက ဒီကန်ကိုအမှီပြုသောက်သုံးနေကြရတာ ဇီဇဝါလမ်း၊ နဝရတ်လမ်း ကျယ်နဲ့ နဝရတ် ၈ လမ်းက လူတွေအားလုံးသောက်ရေသုံး ရေဒီကန်ကပဲ သုံးကြတယ်။ အခုကတော့ သုံးမရတော့ဘူး ကန်ကမသန့်တော့ဘူး'' ဟု ၎င်းကဆိုသည်။
ယင်းသောက်သုံးရေကန်အားကျောပေး၍ ကုန်တိုက်၊ ကွန်ဒိုတိုက်ခန်းဆောက်လုပ်နေခြင်းကြောင့် ရပ်ကွက်ရှိရေမြောင်းများ ပြိုကျခြင်း၊ ဘိလပ်မြေမှုန်များကို အများသုံးသောက်သုံးရေကန်အတွင်းသို့ စွန့်ပစ်ခြင်းအပေါ် ရပ်ကွက်နေပြည်သူများမှ ကျေနပ်မှုမရှိဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီထံ အကြိမ်ကြိမ်တိုင်ကြားထားသော်လည်း ထူးခြားလာခြင်းမရှိကြောင်း ဇီဇဝါလမ်းနေ ဦးကြည်သိမ်းက ပြောသည်။
''အဆောက်အဦဆောက်နေတာ တနှစ်ကျော်လောက်ရှိနေပြီ။ တာဝန်ရှိသူတွေအနေနဲ့ ဒီအဆောက်အဦ ဆောက်လုပ်နေတာ ဥပဒေနဲ့ညီ၊ မညီကို ပြန်လည်စိစစ်ပေးဖို့ ကျွန်တော်တို့ရပ်ကွက်နေ ပြည်သူတွေစုပေါင်းပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ စည်ပင်ကိုတင်ပြတယ်။ ဒါပေမဲ့ တိတိကျကျမလုပ်ပေးဘူး။ ဒီဘက်ခြမ်းက ရေရှားတဲ့အတွက် ကန်ရေမသန့်လည်း သုံးနေကြရတာပဲ။ ဒီကန်ရေကိုပဲ လက်ရှိအားကိုးနေရတာ''ဟု ၎င်းကပြောသည်။
ရပ်ကွက်နေပြည်သူများ၏ သောက်သုံးရေကန်ပျက်စီးမှုနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင် (၂) ဒေါ်မေသန္တာအား ဆက်သွယ်မေးမြန်းရာ ''ကျွန်မတို့အနေနဲ့ မြေတိုင်းတွေခေါ်ယူပြီး စစ်ဆေးပြီးပါပြီ။ သူတို့ကြောင့်ရပ်ကွက် ရေမြောင်းတွေပြိုကျတာတွေ ပြန်လုပ်ပေးဖို့ ဌာနဆိုင်ရာတွေညှိနှိုင်းပြီး တာဝန်ခံတွေကိုပြောဆိုဆောင်ရွက်ထားပါတယ်'' ဟု ပြောသည်။
ယင်းအပြင် အောင်မင်္ဂလာ အများသုံးသောက်သုံးရေကန်အတွင်းသို့ အမှိုက်များ၊ ဘိလပ်မြေအမှုန့်များ ဆက်လက်မစွန့်ပစ်ရန် နို့တစ်စာပေးထားကြောင်း၊ ကန်အတွင်းဘိလပ်မြေအမှုန့်နှင့် အမှိုက်များထပ်မံစွန့်ပစ်လာပါက ဥပဒေအရတရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဒေါ်မေသန္တာက ဆက်လက်ပြောသည်။
ကျော်သူ
News Watch







0 comments:
Post a Comment