စားသုံးသူ ကာကွယ်ရေး ဥပဒေသစ်အရ တိုင်ကြားသည်ဖြစ်စေ၊ မတိုင်ကြားသည်ဖြစ်စေ ဌာနအနေဖြင့် ရရှိသည့် အချက်အလက် ခိုင်လုံမှုအပေါ် မူတည်၍ စုံစမ်းစစ်ဆေး အရေးယူနိုင်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။
ယင်းဥပဒေသစ်တွင် စားသုံးသူ အခွင့်အရေးများ အပြည့်အဝ ရရှိနိုင်စေရန်၊ စားသုံးသူ ကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်၊ စားသုံးသူ ကာကွယ်ရေးနှင့် ပတ်သက်၍ တိကျမှန်ကန် ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးခြင်းများကို ဆောင်ရွက်နိုင်စေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှု ရရှိစေရေးတို့ အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေး မြင့်မားသည့်ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်ရန်၊ စားသုံးသူ ကာကွယ်ရေးနှင့် ပတ်သက်၍ စီးပွားရေး လုပ်ငန်းရှင်ဘက်မှလည်း ဥပဒေနှင့်အညီ ဆောင်ရွက်စေရန်၊ စားသုံးသူတို့ကို ဘေးအန္တရာယ်ကင်းရှင်းမှု မရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် ယင်းတို့ကို သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများကို ကာကွယ်ပေးရန် စသည့် ရည်ရွယ်ချက်များ ပါဝင်ကြောင်း သိရသည်။
၂၀၁၈ ခုနှစ်အတွင်း စားသုံးသူရေးရာ ဦးစီးဌာနအောက်ရှိ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့သို့ တိုင်ကြားလာသည့် အမှုပေါင်း ၂၀၀ အနက် ဆက်သွယ်ရေး၊ ခရီးသွားနှင့် ရုပ်သံလိုင်း ဝန်ဆောင်မှု လုပ်ငန်းများအပေါ် မကျေနပ်၍ တိုင်ကြားမှု အများဆုံးဖြစ်ကြောင်း သိရသည်။
“ဝန်ဆောင်မှု လုပ်ငန်းတွေဆိုတာ အများကြီးပါ။ အခုနောက်ပိုင်းက ဆက်သွယ်ရေး၊ ခရီးသွား ဝန်ဆောင်မှုတွေ၊ ရုပ်သံလိုင်း ဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတွေ များပါတယ်။ ခရီးသွားဆို အဓိကက အာမခံ ပေးထားတဲ့ အပိုင်းတွေနဲ့ဆိုင်တယ်။ မူလဈေးကွက်ကို ကြော်ငြာတုန်းက ပြောထားတာတွေနဲ့ လက်တွေ့နဲ့ မကိုက်ညီတာမျိုးတွေကို ကျွန်တော်တို့ဆီ တိုင်ကြားမှုများပါတယ်။ မိုဘိုင်းတွေနဲ့ ပတ်သက်လို့လည်း တိုင်ကြားတာ များပါတယ်။ နဂိုက တိုင်ကြားမှုတွေကို ရုံးမှာ စာနဲ့ပေနဲ့ တိုင်ကြားရတယ်။ အခုဆိုရင် ဝက်ဆိုက်လွှင့်ထားပါတယ်။ အဲဒီမှာ စားသုံးသူတွေကို အသိပေးလိုတဲ့ သတင်းအချက်အလက်တွေ ပေးတဲ့အပြင် ကိုယ့်ရဲ့နစ်နာမှုကို တိုင်ကြားဖို့ ဖောင်လေးရှိပါတယ်။ အဲဒီမှာ ဖြည့်စွက်တိုင်ကြားလို့ ရပါတယ်။ Facebook က CICC Page တွေမှာလည်း ကနဦးတိုင်ကြားမှုတွေ လုပ်လို့ရပါတယ်” ဟု ဦးဆွေတင့်ကြူးက ပြောကြားသည်။
စားသုံးသူကာကွယ်ရေး ဥပဒေသစ်တွင် ကွာခြားချက်များအနက် ယခင်ဥပဒေတွင် အခန်း ၁၂ ခန်းသာ ပါဝင်သော်လည်း ယခုဥပဒေတွင် အခန်း၂၆ ခန်း ပါဝင်ခြင်း၊ ယခင် ဥပဒေတွင် ပုဒ်မ ၃၁ ခုသာ ပါဝင် သော်လည်း ဥပဒေသစ်တွင် ပုဒ်မ ၈၇ ခုပါဝင်ခြင်း၊ ယခင်က ပြစ်ဒဏ် ချမှတ်ရာတွင် ပြစ်ဒဏ်အမျိုးအစား တစ်မျိုးတည်းသာ ချမှတ်နိုင်သော်လည်း ယခုပြဋ္ဌာန်းသည့် ဥပဒေသစ်တွင် ပြစ်မှုအကြီးအသေးပေါ် မူတည်၍ ပြစ်ဒဏ်အမျိုးမျိုး ရွေးချယ်ချမှတ်နိုင်ခြင်းများ စသည်တို့ ရေးဆွဲထားကြောင်း သိရသည်။
Eleven Media Group

0 comments:
Post a Comment