Monday, May 27, 2019

အောင်သပြေကျေးရွာမှ ၉ တန်းကျောင်းသား တစ်ဦးကို ရဲက ပုဒ်မ လေးခု တပ်၍ ဖမ်းဆီးအမှုဖွင့်


အောင်သပြေကျေးရွာ ဒေသခံများနှင့် ရဲတပ်ဖွဲ့တို့ကြား ပဋိပက္ခဖြစ်ပွားနေသည့် အယ်လ်ဖာဘိလပ်မြေ စက်ရုံစီမံကိန်း ဖျက်သိမ်းရေးနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် ၉ တန်းကျောင်းသား ဖြစ်သူကို ပုသိမ်ကြီးမြို့မ ရဲစခန်းက ပုဒ်မ လေးခုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ 
လက်ရှိတွင် ၉ တန်း ကျောင်းသားဖြစ်သူ မောင်ထူးဝေယံကို ပုသိမ်ကြီး မြို့မရဲစခန်းတွင် ရီမန်ယူ ထိန်းသိမ်းစစ်ဆေးလျက်ရှိပြီး ရဲတပ်ဖွဲ့က ရီမန်ကို မေ ၃၀ရက်နေ့အထိ ရယူထားကြောင်း အကျိုးဆောင် ရှေ့နေ ဦးစည်သူက ပြောကြားသည်။
“ထူးဝေယံကို ပြီးခဲ့တဲ့ သောကြာနေ့က ဖမ်းလာပြီး ရီမန်ယူတယ်။ ရီမန်ကတော့ ၃၀ ရက်နေ့အထိ ရီမန်ယူထားပါတယ်။ သူကတော့ ရာဇသတ်ကြီး ပုဒ်မ ၄၃၆၊ ၄၄၀၊ ၃၃၆၊ ၁၁၄ နဲ့ စွဲထားတယ်လို့တော့ ကျွန်တော်တို့ အကြမ်းဖျဉ်း သိထားရတယ်” ဟု အကျိုးဆောင်ရှေ့နေ ဦးစည်သူက ပြောကြားသည်။
၉ တန်းကျောင်းသား မောင်ထူးဝေယံသည် ပြီးခဲ့သည့် မေ ၂၄ ရက်က ကျောင်းသုံး ပစ္စည်းများ သွားရောက်ဝယ်ပြီးနောက် ကျေးရွာသို့ပြန်လာစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ပုသိမ်ကြီးမြို့နယ်တရားရုံး၌ ရီမန်ယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ၊ လေထုညစ်ညမ်းမှု၊ လယ်ယာမြေများပျက်စီးဆုံးရှုံးမှုနှင့် သောက်သုံး ရေညစ်ညမ်းနေမှုများကြောင့် ၄င်းစီမံကိန်းကို ဖျက်သိမ်းပေးရန်အတွက် ကျေးရွာဒေသခံများက ရွာလမ်းမအား ကုမ္ပဏီယာဉ်များဝင်ထွက်ခြင်း မပြုရန် ပိတ်ပင်တားဆီးမှုများပြုလုပ်ခဲ့ရာမှ လုံခြုံရေး ရဲတပ်ဖွဲ့များနှင့် ဒေသခံများကြား ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်ကြောင့် ကုမ္ပဏီပိုင် ယာဉ်အချို့ မီးလောင်ဆုံးရှုံးမှုရှိခဲ့သည့် အပြင် ရဲတပ်ဖွဲ့နှင့် ကျေးရွာဒေသခံများကြား ပဋိပက္ခဖြစ်ပွားရာမှ ရဲတပ်ဖွဲ့က ရာဘာကျည်အသုံးပြုကာ ပစ်ခတ်တားဆီးမှုကြောင့် ကျေးရွာသားအချို့ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။ 

BNA
Photo - U Htay Aung FB
Isee Media 

0 comments:

Post a Comment